ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဘော့လိပ်ကြီးရွာတွင် ၁၀ နှစ်အရွယ်ကလေးတစ်ဦး မုဒိမ်းကျင့်ခံရ

May 21, 2026

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီးရွာတွင် ၁၀ နှစ်အရွယ် ကလေးတစ်ဦးကို မုန့်ကျွေးမည်ဟု ခေါ်ဆောင်ကာ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၀ ရက်နေ့တွင် သဘော့လိပ်ကြီးရွာ ခဲလုပ်ကွက်၌ ခဲလုပ်ကိုင်နေသည့် ရွှေကျင်လုပ်သား အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် အသက် ၁၀ နှစ်အရွယ် ကလေးငယ်ကို မုန့်ကျွေးမည်ဟုဆိုကာ လူပြတ်သည့်နေရာသို့ ခေါ်ဆောင်၍ မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကလေးမလေးကို မုန့်ကျွေးမယ်ဆိုပြီး လိမ်ခေါ်တယ်။ ခြုံထဲမှာ မုဒိမ်းကျင့်လိုက်တာ။ ပြုကျင့်တဲ့နေရာက လူတအားပြတ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အဆိုပါ ၁၀ နှစ်အရွယ် ကလေးငယ်၏ မျက်လုံးနှင့် လည်ပင်းတို့၌ ဒဏ်ရာများရရှိထားပြီး မိန်းမကိုယ်မှလည်း သွေးများ ထွက်နေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ကလေးမလေး အသက်မသေတာပဲ ကံကောင်းတယ်။ မိန်းမကိုယ်မှာ လက်တစ်ဆစ်ကျော် ကွဲသွားတယ်။ ဆေးရုံကို ပို့ရမယ်။ ညတုန်းက ကျူးလွန်သူကို ဖမ်းမိလိုက်ပြီး သက်ဆိုင်ရာကို အပ်လိုက်ပြီ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ကျူးလွန်သူကို ယင်းဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော KNU (ကရင်အမျိုးသားအစည်းအရုံး) ထံပိုဆောင်လိုက်ပြီဟု သိရသော်လည်း အရေးယူမည့် အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ကျူးလွန်ခံရသည့် ကလေးငယ်မှာ ပခုက္ကူမြို့မှ လာရောက်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။