ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တိုက်ခိုက်

May 21, 2026

ပုံစာ - စစ်အာဏာရှင်တပ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ကြောင် ဒေသခံများ၊ တော်လှန်ရေးတပ်တို့နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် လောင်းလုံးဘက်သို့ မေလ ၂၀ရက် ညသန်းခေါင်အချိန် စစ်ကြောင်းထိုးလာချိန် အင်းဇောက် ကျေးရွာအနီး၌ ည ၁၂ နာရီနှင့် ယနေ့ နံနက် ၁နာရီကြားတွင် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကြိုပြီးသိရင်တော့ ရှောင်လို့ရသေးတယ်။ အခုက ညဘက်ကြီးဆိုတော့ ဒေသခံတွေလည်း ရှောင်ချိန်မရလိုက်ဘူး။ (ပစ်ခတ်) အသံတော့ ကြားနေတယ်။ လက်နက်ငယ်တွေရော၊ အော်တိုသေနတ်တွေရောပဲ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ (မနက်) ၁နာရီကျော်လောက် မိုးရွာတော့မှ ပစ်ခတ်သံငြိမ်သွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်မြို့ဘက်က လာသည့် စစ်ကြောင်းတွင် အင်အား ၇၀ ဆယ်ခန့်ရှိပြီး ယခင်ကပင် လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာ ဝန်းကျင်သို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်နှင့်ပူးပေါင်း၍ လောင်းလုံးမြို့ဘက်သို့ စစ်‌ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း အင်းဇောက်ကျေးရွာရှိ လူနေအိမ်အချို့ ကျည်ဆန်ထိမှန်ကာ အိမ်အမိုးများ ပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ ယနေ့ နံနက်ပိုင်းတွင် လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင်မူ ခရီးသွားဒေသခံများ ပုံမှန်အတိုင်းသွားလာနေကြကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းအား မည်သည့် တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။

မေလ ပထမပတ်ကလည်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ထားဝယ်အရှေ့တောဘက်တွင်မူ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာနေပြီး ထားဝယ်မြို့ အနီးရှိ စစ်အာဏာရှင် အမြောက်တပ်က မေလ ၂၀ ရက် နံနက်ပိုင်းတွင် ထားဝယ်အရှေ့တောဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း စုံစမ်းသိရသည်။