တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာသို့ စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
တနင်္သာရီမြို့မှ သိန်ခွန်းရွာသို့ ခြေလျင်စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်သား ၅၀ ခန့်ကို ယနေ့ (ဧပြီ ၂၁) နံနက် ၁၁ နာရီခန့်တွင် ချောင်းနှစ်ပေါက်ရွာအနီး၌ တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“မိုင်းခွဲတိုက်ခိုက်တာ (စစ်အာဏာရှင်တပ်)ထိခိုက်မှု ရှိထားတယ်။ ပစ်ခတ်မှုလည်း ဖြစ်တယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်သားများက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရန်သူဘက်က ခုနှစ်ယောက်ထိထားတယ်။ တပ်ဘက်က (တော်လှန်ရေး)အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်။ ကားတွေလည်း ထပ်တက်လာနေတယ်လို့ ကြားရတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
သို့သော် စစ်အာဏာရှင်တပ်၏ ထိခိုက်မှုအပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
တနင်္သာရီမြို့မှ သိန်ခွန်းရွာသို့ စစ်ကူပို့မည့် စစ်အာဏာရှင်တပ်သားများပါလာသည့် ကားလေးစီးသည် ၁၁ နာရီ ၃၀ မိနစ်တွင် တမုတ်ချုံးရွာမှ ဖြတ်သန်းသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။






