ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာဘက် မှောင်ခိုပို့မည့်လောင်စာဆီများ မဲဆောက်နယ်စပ်တွင် ဆက်တိုက်ဖမ်းဆီးခံရ

April 21, 2026

မြန်မာနိုင်ငံဘက်သို့ မှောင်ခိုပို့ဆောင်မည်ဟု ယူဆရသည့် လောင်စာဆီများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် အနီးတဝိုက်တွင် ဆက်တိုက်ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဧပြီလ ၂၁ ရက်တွင် တာခ့်ခရိုင် မဲဆောက်မြို့အနီး ထာ့ဆောင်ယမ်ဒေသ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် ပစ္စည့်ပို့ကားတစ်စီးကို တွေ့ရှိကြောင်း ဖော်ပြသည်။

အာဏာပိုင်များကို တွေ့သည်နှင့် ကားသမားသည် ကားကို စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။

ကားထဲတွင် ၂၀၀ လီတာဆန့် စည်ပုံးသုံးလုံးကို တွေ့ရပြီး အထဲတွင် 91 ဓါတ်ဆီ ၆၀၀ လီတာကို တွေ့ရှိရကြောင်း ဖော်ပြသည်။

နောက်ထပ် အနီးအနားက နယ်စပ်တစ်လျှောက်ကို ကင်းလှည့်စစ်ဆေးခဲ့ရာ ၃၀ လီတာဆန့် ဒီဇယ်ပုံး ရှစ်လုံးကို ပိုင်ရှင်မတွေ့ရဘဲ ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

သိမ်းဆည်းရမိသော ဓါတ်ဆီနှင့် ဒီဇယ် ၈၄၀ လီတာကို ထာ့ဆောင်ယမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ဧပြီလ ၂၀ ရက်ကလည်း မဲဆောက်မြို့ နယ်စပ်တွင် ၂၂ ဘီးတပ် ကုန်တင်ကားပေါ်က ဒီဇယ် ၁၆,၀၀၀ လီတာကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းခဲ့သေးသည်။

အဆိုပါ ဓါတ်ဆီနှင့် ဒီဇယ်ဆီများကို မဲဆောက်မြို့ တဖက်ခြမ်းရှိ မြန်မာနိုင်ငံဘက်သို့ မှောင်ခိုတင်ပို့ရန် ရည်ရွယ်ထားသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပြီး သိမ်းဆည်းရမိသော လောင်စာဆီများကို အကောက်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Khaosod English, Matichon Online