ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ နဘုလယ်ဒေသ မင်္ဂလာဆောင်တွင် ဖမ်းဆီးခံရသည့် ဒေသခံများ ပြန်လွတ်လာ

April 21, 2026

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထိန်ကြီးကျေးရွာ မင်္ဂလာဆောင်တွင် စစ်အာဏာရှင်တပ် ဖမ်းဆီးသွားသည့် ဒေသခံ ၂၀ ကျော် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်အာဏာရှင်တပ်သည် ဧပြီလ ၂၀ ရက် နံနက်စောစောတွင် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာရှိ မင်္ဂလာဆောင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် စစ်အာဏာရှင်တပ်က ဒေသခံများကို ၁၂ နာရီကျော်ကြာ ထိန်ကြီးအနောက် ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘာမှတော့ မလုပ်ဘူး အားလုံးပြန်လွတ်လိုက်တယ်၊ သူတို့ရွာထဲမှာ ပစ်တာခတ်တာလည်းမရှိ ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည့် ဒေသခံများမှာ နဘုလယ်ဒေသ၊ လဲရှောင်ကျေးရွာနှင့် ထိန်ကြီးကျေးရွာတို့မှ ရွာသူရွာသားများ ဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်တပ်သည် ထိန်ကြီးကျေးရွာတွင် ဖမ်းဆီးထားသည့် ဒေသခံများကို ပြန်လွှတ်ပေးခဲ့သော်လည်း ယနေ့ မွန်းလွဲ ၁ နာရီအချိန်အထိ ကျေးရွာအတွင်း ဆက်လက်တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအချို့မှာ နေအိမ်သို့ မပြန်ရဲကြသေးသလို ကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံအချို့မှာလည်း တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါ စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ အင်အား ၁၂၀ ခန့်ရှိပြီး ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းယာယီတပ်စခန်းတွင် တပ်စွဲနေထိုင်ကာ ဧပြီလ ၁၉ ရက်နေ့ကစပြီး နဘုလယ်ဒေသတစ်ခွင် တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။