ပြည်ပသို့ လက်နက်တင်ပို့ရောင်းချမှုအပေါ် ကန့်သတ်ချက်များကို ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် ပယ်ဖျက်လိုက်ပြီဖြစ်ရာ ဂျပန်အစိုးရက စစ်သင်္ဘောများ ၊ ဒုံးကျည်များနှင့် အခြားလက်နက်များကို ပြည်ပသို့ တင်ပို့ရောင်းချတော့မည် ဖြစ်သည်။
ဆယ်စုနှစ်များစွာအတွင်း ဂျပန်အစိုးရ၏ အကြီးမားဆုံး ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှုဆိုင်ရာ မူဝါဒပြင်ဆင်ပြောင်းလဲမှုဖြစ်ပြီး ယခုခြေလှမ်းသည် ဂျပန်၏ ကာကွယ်ရေးစက်မှုကဏ္ဍ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ယင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျင့်သုံးလာခဲ့သည့် ဂျပန်အစိုးရ၏ ငြိမ်းချမ်းရေးဝါဒဆိုင်ရာ တားမြစ်ချက်များနှင့် လုံခြုံရေးမူဝါဒများမှ လမ်းခွဲလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယခင်က ဂျပန်အစိုးရ၏ ပြည်ပလက်နက်တင်ပို့မှုကို ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သတိပေးစနစ်၊ ထောက်လှမ်းရေးနှင့် မိုင်းရှင်းလင်းရေး ဟူသည့် ကဏ္ဍငါးခုအတွင်းသာ ကန့်သတ်ထားမှုကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
“လက်ရှိအချိန်မှာ ဘယ်နိုင်ငံမှ မိမိနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တစ်နိုင်ငံတည်း ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကာကွယ်ရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ပံ့ပိုးကူညီမယ့် မိတ်ဖက်နိုင်ငံတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကအိချိက ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ပိုလန်အစ ဖိလစ်ပိုင်အဆုံး ကမ္ဘာ့နိုင်ငံအများအပြားသည် ဂျပန်စစ်လက်နက်များကို ဝယ်ယူနိုင်မည့် အခွင့်အလမ်းကို လေ့လာနေကြကြောင်း ဂျပန်အရာရှိများနှင့် သံတမန်များက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။
Source: Reuters







