ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် အသက် ၁၆နှစ်ဝန်းကျင် မိန်းကလေးသူငယ်ချင်း အချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကံပေါက်ကျေးရွာ၌ ရွာပတ်လမ်း (ရတနာလမ်း) တွင် ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ရွာပတ်လမ်းသည် လူအသွားအလာနည်းပြီး ဥယျာဉ်ခြံများ ရှိသည့်နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဓားဖြင့် အထိုးခံခဲ့ရသည့် မိန်းကလေးတွင် ဦးခေါင်း၊ လည်ပင်းနှင့် လက်တို့တွင် ဓားဒဏ်ရာ ဆယ်ချက်ထက်မနည်း ရရှိခဲ့ကြောင်း လူနာကို မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch မြင်တွေ့ရသည့် ရုပ်သံတစ်ခုတွင် ဓားဒဏ်ရာများဖြင့် သွေးထွက်၍ ကားလမ်းနံဘေးလဲကျနေသည့် အမျိုးသမီးငယ်တစ်ဦးက သတိမေ့မျောလုဆဲ အခြေအနေဖြစ်နေသည်ကို တွေ့ရသည်။
ယင်းသို့ လဲကျနေသည့် အမျိုးသမီးငယ်ကို ဒေသခံလမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဥယျာဉ်ခြံသမားများနှင့် လူမှုကယ်ဆယ်ရေးအသင်းထံ ဆက်သွယ်အကူအညီတောင်းခံ၍ ကံပေါက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ဒဏ်ရာရအမျိုးသမီးငယ်သည် ကံပေါက်တိုက်နယ် ဆေးရုံတွင် ယနေ့ ဧပြီလ ၂၁ ရက်အထိ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
မည်သည့်အကြောင်းကြောင့် ဓားထိုးမှု ဖြစ်ခဲ့သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဓားဖြင့်ထိုးခဲ့သည့် အမျိုးသမီးငယ်ကိုမူ ကံပေါက်နယ်မြေရဲစခန်းတွင် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။







