BREAKING
October 19, 2025

ထားဝယ်တွင် ကိုရင်တစ်ပါး သေနတ်ယူဆော့မိရာမှ မတော်တဆကျည်ထွက်ပြီး ဒဏ်ရာရ

August 20, 2025

ပုံစာ - စစ်အာဏာရှင် တပ်စွဲထားသည့် အိမ်ရှေ့ပြင်ကျောင်း။ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ဩဂုတ်လ ၁၉ရက် မွန်းလွဲပိုင်းက ကိုရင်တစ်ပါး သေနတ် ယူဆော့မိရာမှ မတော်တဆ ကျည်ထွက် ထိမှန်ဒဏ်ရာရကြောင်း မြို့ခံ အချို့က ပြောသည်။

အိမ်ရှေ့ ပြင်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က တပ်သားတစ်ဦး၏ သေနတ်ကိုယူပြီး ဆော့မိခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

မတော်တဆ သေနတ်ကျည်ဆံ ထွက်ပြီး ကိုရင်၏ ဝမ်းဗိုက်တွင် ထိမှန်ဒဏ်ရာရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ဗိုက်မှာ ထိတယ်။ ညကမှ ခွဲစိတ်ခန်းဝင်ရတယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

အသက် ၁၂နှစ်အရွယ် ကိုရင်သည် လက်ရှိတွင် ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထားဝယ်မြို့အတွင်း ကင်းလှည့်ထွက်လာသည် စစ်အာဏာရှင်တပ်သည် ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေပြင်ရပ်ကွက်ကြားတွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်အာဏာရှင်တပ်က ယမန်နှစ်ကစပြီး အိမ်ရှေ့ပြင်ရပ်ကွက်တွင် တပ်စွဲထားခြင်း ဖြစ် ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။