ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့ဖလား Mascot အရုပ်ကြီးတွေဝတ်ပြီး လက်ကြီးသမား မူးယစ်ဆေးဝါးတရားခံကို ဖမ်းဆီးတဲ့ ပီရူးရဲတပ်ဖွဲ့

June 20, 2026

ပီရူးရဲတပ်ဖွဲ့ဝင် နှစ်ယောက်ဟာ ကမ္ဘာ့ဖလား Mascot လာဘ်ကောင်ရုပ်တွေဖြစ်တဲ့ “ကလပ်ချ် (Clutch)” နဲ့ “မေပယ် (Maple)” အရုပ်ဝတ်စုံတွေကို ရုပ်ဖျက်ဝတ်ဆင်ပြီး ပီရူးနိုင်ငံ၊ လီမာရဲ့ လက်ကြီးသမား မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်း ချသူလို့ သံသယရှိသူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါဟာ ပီရူးနိုင်ငံမှာ သာမကဘဲ ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာပါ ထူးခြားတဲ့သတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။

အခြေခံရာဇဝတ်မှုတွေကို နှိမ်နင်းရတဲ့ Green Squadron တပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ကာလော့စ် အယ်လ်ကန်တာရာရဲ့ ပြောကြားချက်အရ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ကစားတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အသက် ၄၈ နှစ်အရွယ်ရှိတဲ့ တရားခံ ကာလော့စ် ကာဘရီရာ ကို အသွင်ယူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့တာလို့ ပြောပါတယ်။

ရဲအရာရှိ အယ်လ်ကန်တာရာ က “ထောက်လှမ်းရေးအချက်အလက်တွေအရ ဒီတရားခံဟာ တကယ့်ကို အမာခံ ဘောလုံး ပရိသတ်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလားပွဲ တစ်နေရာရာမှာ ကြည့်ဖို့ စီစဉ်နေတယ်ဆိုတာကို ကျွန်တော်တို့ သိရှိခဲ့ရပါတယ်။ ဒါကြောင့် သူ့ဘက်က သံသယမဝင်စေဘဲ အနားကပ်ပြီး ဖမ်းဆီးနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို ကမ္ဘာ့ဖလား လာဘ်ကောင် Mascot အရုပ်ဝတ်စုံတွေ ဝတ်ဆင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Mascot ဝတ်စုံဝတ်ထားတဲ့ ရဲအရာရှိတွေဟာ သံတူရွင်းကြီးကို အသုံးပြုပြီး တံခါးကို ထုခွဲကာ တခြားလုပ်ဖော်ကိုင်ဖက် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အိမ်ထဲကို ဝင်ရောက်စီးနင်းခဲ့ကြတာပါ။

ရဲတပ်ဖွဲ့က ဒီစီးနင်းမှု ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပြီး အဲ့ဒီဗီဒီယိုထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာ နေရာကနေ သက်သေအထောက်အထားတွေ သိမ်းဆည်းနေတာနဲ့ တရားခံကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို တွေ့မြင်ရပါတယ်။

အခု ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အထိမ်းအမှတ် Mascot တွေအဖြစ်

  • Clutch (ကလပ်ချ်): အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ ထိပ်ပြောင် လင်းယုန်ရုပ်။
  • Maple (မေပယ်): ကနေဒါနိုင်ငံကို ကိုယ်စားပြုတဲ့ Moose ရုပ်
  • Zayu (ဇာယူ) – မက္ကဆီကိုနိုင်ငံကို ကိုယ်စားပြုတဲ့ ဂျာဂွါကျားသစ်ရုပ် တို့ကို ရွေးချယ်ထားပါတယ်။

ဒီစစ်ဆင်ရေးမှာ ကိုကင်းပါဝင်တဲ့ မူးယစ်ဆေးဝါး အထုပ်အသေးပေါင်း ၂,၅၂၄ ထုပ်နဲ့ သေနတ်တစ်လက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပီရူးနိုင်ငံမှာ ကိုကင်းအခြေခံ မူးယစ်ဆေးဝါး ၅ ဂရမ်ကနေ ၅၀ ဂရမ်အထိ လက်ဝယ်တွေ့ရှိတဲ့ မူးယစ်ဆေးဝါး အသေးစား ဖြန့်ဖြူးရောင်းချမှုဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

တကယ်တော့ ပီရူးရဲတပ်ဖွဲ့ဟာ အရင်က စစ်ဆင်ရေးတွေမှာလည်း ဂရင်းချ် (Grinch)၊ ဖရက်ဒီ ခရူဂါ (Freddy Krueger)၊ ဒက်ဒ်ပူးလ် (Deadpool)၊ ဝုဗ်ဗရင်း (Wolverine) နဲ့ ဆန်တာ ကလော့စ် (Santa Claus) စတဲ့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကောင် ဝတ်စုံတွေကို ဝတ်ဆင်ပြီး ရုပ်ဖျက် ဖမ်းဆီးခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့) အကြိုညတုန်းကဆိုရင်လည်း မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနဲ့ သံသယ ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ကို အိမ်ထဲကနေ ထွက်လာအောင် ဆွဲဆောင်ဖို့အတွက် ရဲအရာရှိတစ်ယောက်ကို ဝက်ဝံရုပ် ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး လက်ထဲမှာ မီးပုံးပျံတွေ၊ လက်ဆောင်တွေ ကိုင်ဆောင်ခိုင်းကာ ဖမ်းဆီးခိုင်းခဲ့ဖူး ပါသေးတယ်။