မြိတ်မြို့ ၊ မြိတ်တောင်နယ်မြေ ၊ မြို့မ ၂ ရပ်ကွက်တွင် ဇွန်လ ၁၉ ရက်က လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း မြို့ခံများက ပြောသည်။
သေဆုံးသူသည် ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
နေအိမ်ဝန်းကျင်၌ပင် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားသည့် ရပ်ကွက်နေသူ တစ်ဦးက ပြောဆိုသည်။
သေဆုံးသူသည် မြို့မ ၂ ရပ်ကွက်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့လာသည်မှာ မကြာသေးကြောင်း ၎င်းက ပြောသည်။
အဆိုပါအမျိုးသားတွင် ဇနီးနှင့် သမီးငယ်တစ်ဦးကျန်ခဲ့ကြောင်း ရပ်ကွက်နေသူက ဆိုသည်။
မြိတ်မြို့တွင် မေလ ၁၄ ရက် ညကလည်း Grade 11 ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နှစ်ဝက်အတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ကြိုးဆွဲချ၍ သေဆုံးသူ အမျိုးသားငါးဦး ရှိကြောင်း Dawei Watch က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။







