ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အပစ်ရပ်

June 20, 2026

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးသည် ဇွန်လ ၁၉ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် စတင်အသက်ဝင်ခဲ့ကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

“ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါပြီ” ဟု အမည်မဖော်လိုသည့် အဆိုပါ အမေရိကန်အရာရှိက ဆိုသည်။

အဆိုပါ အပစ်ရပ်သဘောတူညီချက်ရရှိရန် အမေရိကန်နှင့် ကာတာဘက်မှ စေ့စပ်ညှိနှိုင်းရေးမှူးများက အီရန်၏ အကူအညီဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

ဟစ်ဇ်ဘိုလာနှင့် အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးကလည်း အတည်ပြုပြောဆိုခဲ့သည်။

“ကျွန်တော်တို့ အပစ်ရပ်အခြေအနေမှာ ရှိနေပါတယ်။ ဟစ်ဇ်ဘိုလာဘက်ကသာ ကျွန်တော်တို့ကို မတိုက်ခိုက်ဘူးဆိုရင် ကျွန်တော်တို့ဟာ စစ်ပွဲကာလထဲ ရောက်နေတာ မဟုတ်တော့ပါဘူး” ဟု အဆိုပါ အစ္စရေးအရာရှိက ပြောကြားခဲ့သည်။

သို့ရာတွင် အစ္စရေးတပ်ဖွဲ့များကို လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မိမိနိုင်ငံသားများ ဟစ်ဇ်ဘိုလာအဖွဲ့၏ ခြိမ်းခြောက်မှုခံနေရသရွေ့ မိမိတပ်ဖွဲ့များ ကြားခံဇုန်အတွင်း ဆက်ရှိနေမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

အပစ်အခတ်ရပ်စဲရေးကို ၎င်းတို့ စတင်အသက်သွင်း ကျင့်သုံးနေပြီဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့မှ သတင်းအရင်းအမြစ်နှစ်ခုကလည်း ရိုက်တာသတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

“အပစ်အခတ်ရပ်စဲရေး သတင်းစကားကို ရရချင်းပဲ ကျွန်တော်တို့ဘက်ကနေ စတင်လိုက်နာကျင့်သုံးခဲ့တာ ဖြစ်ပါတယ်”ဟု အဆိုပါ သတင်းအရင်းအမြစ်များက ပြောသည်။

Source: Agencies