ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ကဒဲရွာကို စစ်အာဏာရှင်တပ် ပါရာမော်တာဖြင့်တိုက်ခိုက်

May 20, 2026

ပုံစာ - ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က ပါရာမော်တာဖြင့် ဗုံးချတိုက်ခိုက်ခဲ့စဉ်။ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

ပုလောမြို့နယ်၊ ကဒဲရွာကို စစ်အာဏာရှင်တပ်က ပါတာမော်တာ (စက်တပ်လေထီး) ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယနေ့ မေလ ၂၀ရက် ညနေ ၄နာရီခွဲတွင် ပါရာမော်တာသုံးစီး လာရောက်ပြီး ကဒဲရွာကို ဗုံးချကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“(ဗုံးပေါက်ကွဲတာ) တစ်ချက်တော့ အသံကြားလိုက်တယ်။ တစ်လုံးချထားခဲ့တယ် ထင်တယ်။ လာတာက သုံးစီး မြင်တော့ မြင်ရတယ်။ မြင့်တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် စစ်အာဏာရှင်တပ်က ကဒဲရွာက နေအိမ်များကို မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် လူအနည်းစုသာ ပြန်လည်နေထိုင်နေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပုလောမြို့နယ်တွင် ပါရာမော်တာဖြင့် ဗုံးချတိုက်ခိုက်မှုမှာ ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပါရာမော်တာက ပထမဆုံးအကြိမ် လာကြဲတယ်။ အဲဒီအနားမှာက တိုက်ပွဲဖြစ်ပွားတာ မရှိဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

မြိတ်ခရိုင်အတွင်းတွင်မူ ယခုတစ်ကြိမ် ပါရာမော်တာဖြင့် တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။

တနင်္သာရီမြို့နယ် တကူကျေးရွာနှင့် သာရဘွင်ကျေးရွာအုပ်စုတို့ကို မေလ ၁၆ရက်နေ့တွင် ပါရာမော်တာ သုံးစီးဖြင့် တိုက်ခိုက်ခဲ့သေးပြီး လူနေအိမ်တစ်ဆောင် ပျက်စီးခဲ့သည်။