ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၃ နှစ်ကြာရပ်ထားသည့် ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှု စာမေးပွဲ ပြန်ကျင်းပ

May 20, 2026

ပုံစာ - ရေဖြူမြို့နယ်၌ ယခုနှစ်နွေရာသီ မွန်ကျောင်းတစ်ကျောင်းတွင် မွန်စာပေသင်ယူနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ရာမညနိကာယ ဘာဓမ္မာရာမိက။

ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုစာမေးပွဲကို မေလ တတိယအပတ်တွင် မလွှဲတောင်အနီးရှိ အလယ်စခန်းရွာ၌ ပြုလုပ်ခဲ့ကြောင်း ရေဖြူမြို့နယ်ရှိ မွန်ကျောင်းများထံမှ သိရသည်။

ထားဝယ်ခရိုင်ထဲတွင်ရှိသော ရေဖြူမြို့နယ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ထိစပ်နေပြီး မွန်ရွာများလည်း တည်ရှိသည်။

ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုစာမေးပွဲသည် နွေရာသီမွန်ကျောင်းများ၏ မြို့နယ်အဆင့် အတန်းတင်စာမေးပွဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရေဖြူမြို့နယ်၊ ကျွဲသုံးညီမရွာတွင် နောက်ဆုံးကျင်းပခဲ့သည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရေဖြူမြို့နယ်၊ ကျေးရွာအချို့တွင် စစ်ရေးပြင်းထန်ခဲ့သဖြင့် မွန်ကျောင်းများ အပြည့်အဝမဖွင့်နိုင်ခဲ့ခြင်းကြောင့် မြို့နယ်အဆင့်စာမေးပွဲကို ရပ်နား၍ မိမိရပ်ရွာအလိုက်သာ စာမေးပွဲ ဖြေဆိုကြတော့ကြောင်း စာမေးပွဲစီစဉ်သူများထံမှ သိရသည်။

ယခုနှစ် ပြန်ကျင်းပသော ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှု စာမေးပွဲကို မေလ ၁၅ ရက်တွင် စာမေးပွဲရက်အဖြစ်လည်းကောင်း၊ မေလ ၁၈ ရက်တွင် ဆုနှင်းသဘင်ရက်အဖြစ်လည်းကောင်း အလယ်စခန်း ကျောင်းဟောင်း(ဘုန်းကြီးကျောင်း) တွင် ပြုလုပ်ခဲ့သည်။

စာမေးပွဲတွင် မွန်စာပေအတန်း ၈ တန်း၌ ဝင်ရောက်ဖြေဆိုသူ ၄၅၆ ဦးရှိခဲ့ကြောင်း မွန်ကျောင်းတစ်ကျောင်းမှ သင်ကြားရေးဆရာတော်တစ်ပါးထံမှ သိရသည်။

“ရပ်နားထားပြီးမှ ပြန်ကျင်းပတာဆိုတော့ ဒီလောက်ရတာ ဝင်ဖြေသူ များတယ်လို့ ပြောရမယ်” ဟု ယင်းဆရာတော်က မိန့်သည်။

သို့သော် ကိုဗစ်နှင့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသည့် မွန်လူငယ်များ များလာသဖြင့် မွန်ကျောင်းများတွင်မူ ယခင်ထက် တက်ရောက်သူ လျော့နည်းလာနေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မွန်စာပေ သင်ယူသူ လျော့နည်းလာလျှင် မွန်စာပေ မတတ်သူ များလာမည်ဖြစ်ပြီး စာပေ တိမ်ကောလာနိုင်ကာ မွန်ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် အစဉ်အလာများလည်း ပျောက်ကွယ်လာနိုင်ကြောင်း မွန်စာပေသင်ကြားပေးနေသည့် ဆရာတော်အချို့က မိန့်သည်။

မွန်စာပေကျောင်းများသည် မွန်ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံပညာကျောင်းများ ပိတ်ပြီး ရက်သတ္တပတ်အကြာတွင် စတင်ဖွင့်လှစ်ကာ အခြေခံပညာကျောင်းမဖွင့်မီ တစ်ပတ်အလိုတွင် ပြန်ပိတ်ကြသည်။

နွေရာသီမွန်စာပေကျောင်းများတွင် မွန်စာပေ၊ အရေး၊ အဖတ်၊ အပြောနှင့် သမိုင်းကြောင်းများကို တစ်နှစ်တစ်တန်းစနစ်ဖြင့် အတန်းခွဲ ဆယ်ခုအထိ တက်ရောက်ရပြီး သင်ယူပြီးစီးပါက “မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ” အသင်းကြီးက အသိအမှတ်ပြု အောင်လက်မှတ်ချီးမြှင့်ကြောင်း မွန်ကျောင်းများထံမှ သိရသည်။

ရေဖြူမြို့နယ်တွင် မွန်စာပေကျောင်း ၁၂ ကျောင်းရှိသည်ဟု ဒေသခံမွန်တိုင်းရင်းသားများထံမှ သိရသည်။