ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး ထိန်တွင်းရွာတွင် ကျောင်းသားတစ်ဦးရေနစ်သေဆုံး

May 20, 2026

လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် မေလ ၁၉ ရက် ညနေပိုင်းက ကျောင်းသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။

ထိန်တွင်းကျေးရွာအနီး လယ်ကွက်တွင် ဘက်ဟိုးဖြင့် မြေသားဘောင်ပြုလုပ်ရာမှ တွင်းအဖြစ်ကျန်ခဲ့သည့် မြေကျင်း အတွင်း ကလေးငယ်လေးဦး မေလ ၁၉ ရက် ညနေ ၄နာရီခွဲခန့်တွင် ရေဆင်းကူးကြကြောင်း ဒေသခံများက ပြောသည်။

ယင်းအနက် ကလေးတစ်ဦး ရေနစ်နေကြောင်း အခြားကလေးတစ်ဦးက လာရောက်အကြောင်းကြားသဖြင့် ရွာသားများ လိုက်လံရှာဖွေရာ ရေအောက်ကြမ်းပြင်တွင် တွေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

ရေနစ်သည့် ကလေးငယ်ကို ထားဝယ်မြို့ရှိ မက်ဒီလမ်းဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ရေနစ်သေဆုံးသည့် ကလေးငယ်သည် အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းရှိုင်းဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော ကျောင်းပြင်ပပညာရေး ဒုတိယတန်း တက်ရောက်သင်ကြားနေသည့် ကျောင်းသားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်မြို့တွင်လည်း မေလ ၁၈ရက်နှင့် ၁၉ရက်တို့တွင် ရေနစ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူနေသည်။

ထားဝယ်ခရိုင်တွင် မေလ ၁၂ ရက်မှ စတင်၍ မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိသည်။

လောင်းလုံးမြို့နယ်အတွင်းလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနိုင်သဖြင့် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြရန် လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်တိုက်တွန်းထားသည်။