ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်ကမ်းလွန် အင်အားပြင်းငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်

April 20, 2026

ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်၌ ယနေ့ ဧပြီလ ၂၀ ရက်တွင် မဂ္ဂနီကျု ၇ဒသမ၅ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားရာ အာဏာပိုင်များက ဆူနာမီသတိပေးချက် ထုတ်ပြန်လိုက်သည်။

အမြင့် ၃ မီတာ အထိရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သဖြင့် ကမ်းခြေဒေသများမှ ဝေးရာသို့ ရှောင်ရှားကြရန် အာဏာပိုင်များက ဒေသခံပြည်သူများကို သတိပေးထားသည်။

အဆိုပါ ငလျင်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

အိုင်ဝါတေး၊ အာအိုမိုရီနှင့် ဟော့ကိုင်းဒိုး ခရိုင်များတွင် အမြင့်ဆုံးလှိုင်းတံပိုးများ ရိုက်ခတ်နိုင်ခြေရှိကြောင်း အာဏာပိုင်များက ဆိုသည်။

ဝန်ကြီးချုပ် ဆာနအဲ တာကအိချိက အစိုးရအနေဖြင့် အရေးပေါ် လုပ်ငန်းအဖွဲ့ တစ်ရပ် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။

ဘေးအန္တရာယ်ကြုံတွေ့နိုင်သည့် ဒေသများရှိ ပြည်သူများအနေဖြင့် ဘေးကင်းရာသို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

NHK သတင်းဌာန၏ ထုတ်လွှင့်ပြသမှုတွင် ဟော့ကိုင်းဒိုးကျွန်းရှိ ဟာချီနိုဟေး ဆိပ်ကမ်းမှ သင်္ဘောများမှာ လှိုင်းဒဏ်ကို ရှောင်ရှားရန် ဆိပ်ကမ်းမှ ထွက်ခွာနေကြသည်ကို တွေ့ရပြီး ရုပ်သံမျက်နှာပြင်ပေါ်တွင်လည်း “ဆူနာမီ! အမြန်ရွှေ့ပြောင်းကြပါ!” ဟူသည့် သတိပေးချက်များ ပြသလျက် ရှိသည်။

ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်း မြောက်ဘက်အစွန်ဆုံးရှိ အာအိုမိုရီတွင် ငလျင်တုန်ခါမှုများကြောင့် ကျည်ဆန်ရထားပြေးဆွဲမှုများကို ရပ်တန့်ထားရကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

Source: Reuters