ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ နဘုလယ်ဒေသတွင် မင်္ဂလာဆောင်ကို စစ်အာဏာရှင်တပ် ဝင်စီးပြီး ဒေသခံ ၂၀ခန့်ကို ဖမ်းထား

April 20, 2026

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထိန်ကြီးကျေးရွာတွင် မင်္ဂလာဆောင်တစ်ခုကို စစ်အာဏာရှင်တပ်က ယနေ့ ဧပြီလ ၂၀ ရက် နံနက်က ဝင်ရောက်စီးနင်းပြီး ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။

နဘုလယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့သည့် ယနေ့ နံနက် ၅ နာရီတွင် မင်္ဂလာဆောင်ကျင်းပသည့် နေအိမ်အား ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကြောင်း သုံးကြောင်းခွဲပြီး ရောက်ချလာတယ်။ မင်္ဂလာမောင်နှံကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် အဆိုပါ မင်္ဂလာဆောင်အား ဝင်ရောက်စီးနင်းခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။

မင်္ဂလာဆောင်သို့ လာရောက်သည့် ဒေသခံနှင့် ထိန်ကြီးရွာသားစုစုပေါင်း အယောက် ၂၀ ခန့်ကို ဖမ်းဆီးထားရှိကာ ကျေးရွာအတွင်း လမ်းများကိုပိတ်ဆို့ တပ်ဖြန့်ထားကြောင်း ဒေသခံအချို့က ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ထိန်ကြီးအနောက်ကျောင်းတွင် ထိန်းသိမ်းထားပြီး ယနေ့ မွန်းလွဲ ၁နာရီအထိ ပြန်လည်လွတ်မြောက်လာကြခြင်း မရှိကြသေးကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းယာယီတပ်စခန်းမှ ဧပြီလ ၁၉ ရက် နံနက် အစောပိုင်းမှစ၍ ထွက်လာပြီး နဘုလယ်ဒေသတစ်ခွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဧပြီလ ၁၉ ရက် နံနက် အစောပိုင်းတွင် နဘုလယ်ဒေသ လဲရှောင်ကျေးရွာသို့ ရောက်ရှိလာခဲ့ ပြီး ဒေသခံ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးကာ ညနေပိုင်းတွင် အားလုံး ပြန်လွှတ်ခဲ့ကြောင်း နဘုလယ်ဒေသခံများက ပြောသည်။