ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဟော်မုဇ်ရေလေက်ကြား ပြန်ပိတ်သည့် သတင်းကြောင့် ရေနံဈေးပြန်တက်

April 20, 2026

ဟော်မုဇ်ရေလက်ကြား ပြန်ပိတ်သွားသည့် သတင်းကြောင့် ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် ရေနံဈေးနှုန်း ပြန်မြင့်တက်လာကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

သောကြာနေ့က ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ရေနံဈေးနှုန်းမှာ ယနေ့ တနင်္လာနေ့တွင် ၆ ရာခိုင်နှုန်းကျော် ပြန်မြင့်တက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စနေနှင့် တနင်္ဂနွေအားလပ်ရက်များအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ကြောင်း အမေရိကန်နှင့် အီရန်နှစ်ဘက်စလုံးက အပြန်အလှန်စွပ်စွဲပြောဆိုခဲ့ကြသည်။

ယင်းနောက် ဟော်မုဇ်ရေလက်ကြား ပြန်ပိတ်သွားကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ဂရင်းနစ်စံတော်ချိန် ၂၃:၂၇ နာရီတွင် ဘရန့် (Brent) ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်းမှာ ၆.၁၁ ဒေါ်လာ (သို့မဟုတ် ၆.၇၆ ရာခိုင်နှုန်း) ခုန်တက်သွားပြီး တစ်စည်လျှင် ၉၆.၄၉ ဒေါ်လာ ဖြစ်လာခဲ့သလို အမေရိကန် အနောက်တက္ကဆက် (WTI) ရေနံစိမ်းဈေးနှုန်းမှာလည်း ၆.၅၃ ဒေါ်လာ (သို့မဟုတ် ၇.၇၉ ရာခိုင်နှုန်း) မြင့်တက်ကာ တစ်စည်လျှင် ၉၀.၃၈ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။

အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့သည့် အီရန် ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကျော့သို့ တက်ရောက်မည်မဟုတ်ကြောင်း အီရန်ဘက်က တုံ့ပြန်ခဲ့သည်။

အမေရိကန်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြန်လုပ်ဆောင်မည်ဟု ခြိမ်းခြောက်နေသည့်ကြားမှ အီရန်က ယင်းသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်၊ ပြန်ဖွင့်လိုက် လုပ်ဆောင်နေချိန်တွင် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။

Source: Reuters