တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ဥယျာဉ်ခြံများတွင် စစ်ရှောင်နေသူများကို ဂေါပကများနှင့် စစ်အာဏာရှင်တပ်သားများက ရွာတွင် ပြန်လည်နေထိုင်ရန် ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၁၈ ရက်နေ့ နံနက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုရွာ ဘုန်းကြီးကျောင်းတောင်ခြေတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများနှင့် ဂေါပကများက စစ်ရှောင်နေသည့် ရွာသားများကို ဘုန်းကြီးကျောင်း သန့်ရှင်းရေးလုပ်ရန် ခေါ်ယူပြီး ရွာတွင် ပြန်လည်နေထိုင်ကြရန် ဖိအားပေးနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ရွာမှာ ဘုန်းကြီးရောပြန်လာနေမယ်။ ရွာသားတွေပါ လာနေကြလို့ပြောတယ်။ လာမနေဘူးဆို ဘာလုပ်မယ်လို့တော့ မပြောသေးဘူး။ဘုန်းကြီးကျောင်းကို သန့်ရှင်းရေးလုပ်ဖို့ခေါ်ပြီး ပြောလိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားများ စစ်ရှောင်နေသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ရမ်းဖိုရွာ ဂေါပကများက ဥယျာဉ်ခြံထဲတွင် ရှောင်နေသည့် ရွာသားများကို ကျောင်းသန့်ရှင်းရေးလုပ်ရန် ခေါ်ယူ၍ သန့်ရှင်းရေးလုပ်နေချိန်တွင် စစ်အာဏာရှင်တပ်သားများက ဓာတ်ပုံများ ရိုက်ယူနေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
သန့်ရှင်းရေးလုပ်ပြီးနောက် ရွာတွင် ပြန်လည်နေထိုင်ရန်နှင့် အိမ်များကို သန့်ရှင်းရေး ပြန်လာလုပ်ကြရန် ဂေါပကများက ပြောဆိုကြောင်း ၎င်းက ဆိုသည်။
“စကစတွေက ဘုန်းကြီးနေလျှင် သူတို့လည်းဘုန်းကြီးကျောင်းမှာနေကြတယ်။ ဘုန်းကြီးမရှိတော့ ကျောင်းမှာ ရေမရှိလို့ လာမနေကြတော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
ရမ်းဖိုရွာ ဥယျာဉ်ခြံများတွင် စစ်ရှောင်နေသူများထံမှ ဂေါပကများသည် ဘုန်းကြီးအတွက်ဆိုကာ ငွေကြေးများ မကြာခဏ အဓမ္မကောက်ခံလေ့ရှိကြောင်းနှင့် မထည့်ဝင်သူများကို အကြွေးတောင်းသကဲ့သို့ တောင်းခံကြောင်း ဒေသခံများက ဆိုသည်။






