ရန်ကုန် – မော်လမြိုင်ကားလမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအတွင်း ရဟန်း ၈ ပါး၊ ကိုရင်တစ်ပါး အပါအဝင် သေဆုံးသူ ၁၃ ဦးအထိ ရှိလာသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီးတွင် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မန္တလာ ခရီးသည်တင်မှန်လုံယာဉ်နှင့် Hiject ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် Hiject ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ရဟန်း ၅ ပါး၊ ကိုရင် ၁ ပါးနှင့် အမျိုးသား ၃ ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်။
ထိခိုက်ဒဏ်ရာရသူများ ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် နောက်ထပ် ရဟန်း ၃ ပါး၊ ကလေး ၁ ဦး ထပ်မံသေဆုံးသွားသည့်အတွက် လက်ရှိတွင် ရဟန်း ၈ ပါး၊ ကိုရင် ၁ ပါး၊ အမျိုးသား ၄ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။
“ဒဏ်ရာရတဲ့ သံဃာတော်တွေထဲက နောက်ထပ် ၃ ပါးနဲ့ လူပုဂ္ဂိုလ် ၁ ဦး ထပ်မံသေဆုံးသွားတော့ စုစုပေါင်း သေဆုံးသွားတာက ကိုရင် ၁ ပါး၊ သံဃာတော် ၈ ပါး၊ လူက ၄ ဦး ၁၃ ဦးအထိ ဖြစ်သွားတယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘုရားဖူးပြီးပြန်လာသည့် Hiject ယာဉ်ပေါ်တွင် ရဟန်း ၁၃ ပါး၊ ကိုရင် ၁ ပါးနှင့် အမျိုးသား ၆ ဦးလိုက်ပါစီးနင်းလာသည်ဟု သိရသည်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သထုံပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာပြင်းထန်သူ ၂ ဦးကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများသည် မော်လမြိုင်မြို့မှဖြစ်ပြီး သင်္ကြန်ကာလမတိုင်ခင်ကတည်းက သထုံမြို့နယ် ပေါ်တော်မူကျေးရွာဘုန်းကြီးကျောင်းတွင် ဒုလ္လဘဝတ်နေကြသူများဖြစ်ကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးသွားပြီး အပြန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရီးသည်တင် မှန်လုံယာဉ်ပေါ် လိုက်ပါစီးနင်းလာသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။







