မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဧပြီလ ၁၈ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားပြီး ရဟန်း၊ ကိုရင် ခုနစ်ပါး ပျံလွန်ပြီး လူသုံးဦးသေဆုံးကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။
နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ညနေ ၄ နာရီခွဲခန့်က မန္တလာ ခရီးသည်တင်မှန်လုံယာဉ်နှင့် ဘုရားဖူး Hijetယာဉ် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ဘုရားဖူး Hijet ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ရဟန်း ငါးပါး၊ ကိုရင် တစ်ပါးနှင့် အမျိုးသား သုံးဦးတို့သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆေးရုံတွင် ရဟန်းတစ်ပါး ထပ်မံပျံလွန်ကြောင်း ၎င်းက ပြောဆိုသည်။
ဘုရားဖူး Hijet ယာဉ်ပေါ်တွင် ရဟန်း၊ ကိုရင်နှင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၉ ဦး လိုက်ပါစီးနင်းလာကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“တိုက်ကြတာ တော်တော်ပြင်းပြင်းပဲ” ဟု ၎င်းက ပြောသည်။
ထိခိုက်ဒဏ်ရာရသည့် ရဟန်း ခြောက်ပါးနှင့် အမျိုးသား သုံးဦးတို့ကို လူမှုကူညီရေးအသင်းအဖွဲ့များက သထုံပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။
ခရီးသည်တင် မှန်လုံယာဉ်ပေါ် လိုက်ပါစီးနင်းလာသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။







