အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ဖခင် ဂျော့ချ် မက်ဆီရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာတွေထက်မှာ ကောလာဟလတွေနဲ့ အခြေအမြစ်မရှိတဲ့ ခန့်မှန်းပြောဆိုမှုတွေ၊ သတင်းဖြန့်ဝေနေတာတွေကို အခုချက်ချင်း ရပ်လိုက်ဖို့ မက်ဆီတို့မိသားစုက အသိပေးလိုက်ပါတယ်။
မက်ဆီတို့မိသားစုဘက်ကနေ တရားဝင် သတင်းကြေညာချက်ကို အမြန်ဆုံး ထုတ်ပြန်လိုက်ရုံသာမကဘဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အားလုံးအနေနဲ့ “တာဝန်သိဖို့၊ သတိပညာရှိကြဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု ရှိကြဖို့” ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါတယ်။
မိသားစုရဲ့ အတည်ပြုချက်အရ လောလောဆယ်မှာ မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့ချ် က ဆေးဘက်ဆိုင်ရာလုပ်ငန်းစည် စောင့်ကြည့်မှုအောက်မှာ ရှိနေပြီး ကျန်းမာရေးအခြေအနေဟာ ပြန်လည်ကောင်းမွန် တိုးတက်လာနေပြီ လို့ သိရပါတယ်။
“အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေ၊ ကောလာဟလတွေနဲ့ စိတ်ကူးယဉ် ခန့်မှန်းချက်တွေကို မယုံကြည်ပါနဲ့။ ဒါဟာ မိသားစုနဲ့သာ သက်ဆိုင်တဲ့ ကိစ္စရပ်တစ်ခုကို အချို့သောသူတွေဘက်က စာနာစိတ်ကင်းမဲ့မှု၊ လေးစားမှုမရှိမှုနဲ့ အမြင်အမြော်ကင်းမဲ့စွာ တုံ့ပြန်ကိုင်တွယ်မှုတွေ လုပ်ကြလို့ မိသားစုဘက်က အရမ်းပဲ စိတ်မကောင်းဖြစ်ရပါတယ်။
လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ သူ့ကို ချစ်ရတဲ့သူတွေရဲ့ စိတ်ချမ်းသာမှုဟာ မပြတ်မသား ခန့်မှန်းချက်တွေ ဒါမှမဟုတ် တာဝန်မဲ့တဲ့ မီဒီယာတွေရဲ့ အာရုံစိုက်စရာ အကြောင်းအရာ မဖြစ်သင့်ပါဘူး။
ဘယ်လို ထူးခြားတဲ့ သတင်းအချက်အလက်အသစ်တွေကိုမဆို မိသားစုဘက်ကနေ သင့်တော်တဲ့ အချိန်ကျရင် တရားဝင် လမ်းကြောင်းတွေကနေတစ်ဆင့် ဆက်လက်အသိပေးသွားပါမယ်။
နားလည်ပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်”လို့ မက်ဆီမိသားစုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။







