ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာနိုင်ငံသို့ ချက်ချင်းပြန်ပို့နိုင်ရန် ဥပဒေပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် Pakorn Nilprapunt က ယနေ့တွင် ပြောသည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းငွေလိမ်မှု၊ အမည်ခံစီးပွားရေးလုပ်ငန်းများ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ စသော နိုင်ငံခြားသားများ ကျူးလွန်နေသော ရာဇဝတ်မှုများကို ဖြိုခွင်းနှိမ်နှင်းရေးနှင့် ပတ်သက်၍ ယနေ့ ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဥပဒေပြင်ဆင်ရေးဆွဲရန် ညွှန်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ဥပဒေအရ နိုင်ငံခြားသားများကို ဖမ်းဆီးနောက် ဥပဒေအရ အရေးယူပြီးပါကလည်း နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာနေသေးကြောင်း ဒုဝန်ကြီးချုပ်က ပြောဆိုသည်။
နိုင်ငံခြားသားများသည် နေရပ်ပြန်ရန်အတွက် ၎င်းတို့ကိုယ်တိုင် ကုန်ကျစရိတ်များကို ကျခံနေရကာ လက်ရှိတွင် မတတ်နိုင်ကြသဖြင့် နှောင့်နှေးမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် ဖမ်းဆီးခံရသော နိုင်ငံခြားသားများအတွက် ထိန်းသိမ်းစရိတ် သက်သာစေရန်နှင့် ချက်ချင်း နေရပ်ပြန်ပို့နိုင်ရန် အစိုးရက ကုန်ကျစရိတ် ကျခံပေးရန် ဥပဒေကို ပြောင်းလဲပြင်ဆင်ရန် လိုအပ်ကြောင်း ဒုဝန်ကြီးချုပ်က ဆိုသည်။
ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံသို့ ချက်ချင်း ပြန်ပို့ခြင်းသည် အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားခြင်းထက် ကုန်ကျစရိတ်များစွာ သက်သာကြောင်း ၎င်းက ပြောဆိုသည်။
ဥပဒေပြင်ဆင်ရန် လာမည့် သီတင်းပတ်တွင် အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး ဥပဒေပြင်ဆင်ရေး အမြန်ဆုံး လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ခရီးသွားများနှင့် စီးပွားရေးသမားကို ကြိုဆိုလျက်ရှိပြီး အကယ်၍ ဥပဒေချိုးဖောက်ပြီး နိုင်ငံပုံရိပ် ထိခိုက်သူများကို ဥပဒေအရ အရေးယူပြီး ချက်ချင်း နေရပ်ပြန်ပို့ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ပြောဆိုထားသည်။
Ref: Thairath, Bangkok Post, NBT







