ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာသို့ စစ်အာဏာရှင်တပ်သားများ ဒုတိယအကြိမ် စစ်ကြောင်းထပ်ထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၄)၊ တပ်ရင်း (၂၀၃)၊ တပ်ခွဲ (၄) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကာ အထိနာ၍ ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြန်ဆုတ်သွားသည့် စစ်ကြောင်းသည် ၁၈ ရက်နေ့တွင် အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် ချောင်းမွန်ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဘုတ်ပြင်းဘက်ကရော လေညှာဘက်ကပါ နှစ်ဘက်ညှပ်ပြီး စစ်ကြောင်းထိုးတာပါ။ အင်အားကတော့ ၁၀၀ ကျော် ၂၀၀ ဝန်းကျင်လောက်ရှိတယ်။ လေညှာဘက်ကနေ ပစ်ကူပေးတာပါ။ တိုက်ပွဲဖြစ်ပြီးတာနဲ့ သူတို့ပြန်ဆုတ်သွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါ တိုက်ပွဲများကို စစ်အာဏာရှင်တပ် စခက ၁၃ လက်အောက်ခံ တပ်ရင်း ၄၃၂၊ ၃၅၈ နှင့် ၂၂၄ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ၈ ဦးသေဆုံးကာ ၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တော်လှန်ရေးတပ်များဖြစ်သည့် KNLA တပ်ရင်း (၂၀၃)၊ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုသည်။







