ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဘန်ကောက်က မြန်မာသံရုံးရှေ့ နှင်းဆီပန်းဝေသော မြန်မာအချို့ကို ရဲတပ်ဖွဲ့ ခေါ်စစ်

June 19, 2026

ဓါတ်ပုံ - Oo Kyaw Zay Oo

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် နှင်းဆီပန်း ဝေနေသော မြန်မာနိုင်ငံသားအချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်လိုက်ကြောင်း ကိုယ်တိုင်စစ်ဆေးခံရသည့် ကာယကံရှင်တစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရအနေဖြင့် မြန်မာနိုင်ငံသားများက လမ်းသွားလမ်းလာများအား နှင်းဆီပန်း ဝေခဲ့ကြောင်း ၎င်းဆိုသည်။

မြန်မာနိုင်ငံသားများ နှင်းဆီပန်းဝေနေစဉ် ကြိုတင်ရောက်ရှိနေသော ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း ပြောဆိုသည်။

စစ်ဆေးမေးမြန်းပြီးနောက် သုံးနာရီခန့်အကြာတွင် မြန်မာနိုင်ငံသားများကို ပြန်လွှတ်လိုက်ကြောင်း ကိုယ်တိုင်စစ်ဆေးခံရသော ကိုဇေက ပြောသည်။

“ကျွန်တော်တို့က နှင်းဆီပန်းဝေဖို့ သွားတာပါ။ အဲဒါ ရဲတွေကတော့ ကြိုရောက်နေတာပေါ့နော်။ ကျွန်တော်တို့ ဝေနေတုန်း စစ်ဆေးမေးမြန်းဖို့ဆိုပြီး ခေါ်သွားတာ။ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်တာပါပဲ” ဟု ၎င်းက ပြောဆိုသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကိုဇေနှင့် ကိုနေရိုင်းတို့အပါအဝင် မြန်မာနိုင်ငံသားများကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

“ရဲစခန်းကနေ ပြန်လာပါပြီ။ ခေါ်စစ်ဆေးတာပါ။ ရဲစခန်းတစ်ခုလုံးကိုလည်း အမေ့ရဲ့ မွေးနေ့အမှတ်တရ နှင်းဆီပန်းတွေ ဝေပေးခဲ့တယ်။ အမေစုပုံပါ ကျွန်တော်ဝတ်တဲ့ အင်္ကျီမှာ လက်မှတ်တွေလည်း အမှတ်တရ ထိုးခိုင်းလိုက်တယ်။ ဥပဒေစိုးမိုး တဲ့ ထိုင်းနိုင်ငံနဲ့ ဥပဒေအတိုင်း စိစစ်မေးမြန်းကြသော ထိုင်းအရာရှိများ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ကိုနေရိုင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဇွန်လ ၁၈ ရက်ကလည်း ကိုနေရိုင်းသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် နှင်းဆီပန်း ကမ်ပိန်းကို တစ်ကိုယ်တော်လုပ်ခဲ့သူဖြစ်သည်။