စစ်ပွဲအဆုံးသတ်ရေး အချက် ၁၄ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲအတွက် ဆွစ်ဇာလန်နိုင်ငံတွင် အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဖျက်သိမ်းလိုက်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
အမေရိကန် – အီရန် သဘောတူညီချက်အတွက် တရားဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့တွင် နှစ်နိုင်ငံသမ္မတများ လက်မှတ်ရေးထိုးပြီးဖြစ်၍ တရားဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား မလိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မစတင်မီ အမေရိကန်အနေဖြင့် ယာယီသဘောတူညီချက်ကို အကောင်အထည်ဖော်သည့် လက္ခဏာများ ဖော်ပြရန် အီရန်ဘက်က လိုလားကြောင်း အီရန်မီဒီယာTasnim သတင်းတွင် ဖော်ပြသည်။
အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် အီရန်ကိုယ်စားလှယ်အဖွဲ့ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့သို့ သွားရောက်ရန် အတည်ပြုချက်မရှိသေးကြောင်းလည်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။
အီရန်သို့ သင်္ဘောများ ဝင်ရောက်ထွက်ခွာမှုကို တားဆီးရန် အီရန်ဆိပ်ကမ်းများအား ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို အမေရိကန်ဘက်က ကြာသပတေးနေ့တွင် ရုတ်သိမ်းခဲ့သည်။
သို့ရာတွင် အမေရိကန်စစ်သင်္ဘောများသည် အဆိုပါနယ်မြေဝန်းကျင်တွင် ဆက်ရှိနေမည်ဟုလည်း ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခြင်းမရှိဘဲ အမေရိကန်-အီရန် အပစ်ရပ်သဘောတူညီချက်မှ ကင်းကင်းကွာကွာ ရှိနေသည့် အစ္စရေးက လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် အမေရိကန်-အီရန် အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်မည့်အရေး မေးခွန်းများ ထွက်ပေါ်နေသည်။
Source: Agencies







