ဖီဖာ (FIFA) ရဲ့ တင်းကျပ်လွန်းလှတဲ့ “သန့်ရှင်းသော အားကစားကွင်း (Clean Stadium)” မူဝါဒကြောင့် လက်ရှိကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးထဲမှာ မြောက်အမေရိကရဲ့ အထင်ကရ အားကစားကွင်းကြီးတချို့က သူတို့ရဲ့ ကျော်ကြားလှတဲ့ ကွင်းနာမည်တွေကို နာမည်သစ်တွေပြောင်းလဲပေးလိုက်ရလို့ အတော့်ကိုပဲ မကျေမနပ်ဖြစ်လို့နေပါတယ်။
ဒီမူဝါဒကြောင့် Levi’s Stadium ဆိုတဲ့ကွင်းနာမည်ကို “San Francisco Bay Area Stadium”၊ Mercedes-Benz Stadium ဆိုတဲ့ကွင်းနာမည်ကို “Atlanta Stadium”၊ Gillette Stadium ဆိုတဲ့ကွင်းနာမည်ကို “Boston Stadium”လို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ရပါတယ်။

ဒါတင်မကသေးပါဘူး။ ပြိုင်ပွဲကျင်းပနေစဉ်အတွင်း Levi’s Stadium ကွင်းတစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ အလွန်ကြီးမားလှတဲ့ Levi’s အမှတ်တံဆိပ် (Branding) တွေကိုပါ အဝတ်တွေနဲ့ လိုက်လံဖုံးအုပ်ထားတာမျိုးတွေ လုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ကမ္ဘာကျော် ဂျင်းအမှတ်တံဆိပ်ဖြစ်တဲ့ Levi’s ကတော့ ဒီအခြေအနေအပေါ် ငြိမ်မနေဘဲ မားကတ်တင်းပုံစံတစ်မျိုး ပြန်လည်တုံ့ပြန်ကာ ဖီဖာကို သရော်သွားခဲ့ပါတယ်။ ဖီဖာက သူတို့ရဲ့ ကွင်းထဲက လိုဂိုကို အဝတ်နဲ့ လိုက်ဖုံးလိုက်ပြီးတဲ့နောက်မှာတော့ Levi’s ဟာ သူတို့ရဲ့ တရားဝင် ဆိုရှယ်မီဒီယာ Profile ပုံမှာရှိတဲ့ သူတို့ရဲ့ ကိုယ်ပိုင်လိုဂိုကို အဖြူရောင်အဝတ်စကြီးနဲ့ ဖုံးအုပ်လိုက်တဲ့ပုံစံ ဒီဇိုင်းပြောင်းလဲပစ်လိုက်ပါတယ်။ ဒါဟာ ဖီဖာရဲ့ လုပ်ရပ်တွေကို Levi’s က သူ့နည်းသူ့ဟန်နဲ့ သရော်လိုက်တာပါပဲ။
ဖီဖာ (FIFA) က ဘာကြောင့် ဒီလိုတွေ လိုက်ပိတ်ပင်နေတာလဲဆိုတော့ စပွန်ဆာစာချုပ်တွေနဲ့ စီးပွားရေးကြောင့်ပါပဲ။ ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတဲ့ အားကစားကွင်းတွေရဲ့ အတွင်းပိုင်းနဲ့ ပတ်ဝန်းကျင်တွေမှာ ကမ္ဘာ့ဖလားရဲ့ “တရားဝင် မိတ်ဖက် စပွန်ဆာကုမ္ပဏီကြီးတွေ” ကိုပဲ စီးပွားရေးအရ ကြော်ငြာပြသခွင့် ပေးထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဖီဖာရဲ့ ဘီလီယံချီတန်တဲ့ စပွန်ဆာစာချုပ်တွေကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ဖလားရဲ့ စပွန်ဆာ မဟုတ်တဲ့ ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ် အားလုံးကို မဖြစ်မနေ ဖုံးကွယ်တာ ဒါမှမဟုတ် ဖယ်ရှားပစ်ခဲ့တာပါ။
ရလဒ်အနေနဲ့ကတော့ ကမ္ဘာ့အားကစားလောကမှာ လူသိအများဆုံးဖြစ်တဲ့ ကွင်းနာမည်ကြီးတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလတစ်လျှောက်လုံးမှာ မြို့အမည်တွေကို အခြေခံထားတဲ့ ရိုးရိုးကွင်းနာမည်တွေအဖြစ် ယာယီ ပြောင်းလဲခံလိုက်ရပါတော့တယ်။ ဒါကြောင့် ပွဲစဉ်တွေကြည့်တဲ့အခါ ရုပ်သံဝေဖန်သူတွေက Levi’s Stadium လို့ မသုံးဘဲ “San Francisco Bay Area Stadium” လို့ ထည့်ပြီး ပြောပေးနေရတာပဲဖြစ်ပါတယ်။







