ဒီအာရ်ကွန်ဂိုအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပွဲအစကနေ အဆုံးအထိ တစ်နေရာတည်းမှာ တစ်ပုံစံတည်း ကျောက်ရုပ်လို မတ်တပ်ရပ်ပြီး အားပေးလေ့ရှိတဲ့ ကမ္ဘာကျော် ပရိသတ်တစ်ယောက် ရှိပါတယ်။
သူ့ရဲ့နာမည်က မိုင်ချယ်လ် ကူကာ ဘိုလာဒင်ဂါ ပါ။ အဲ့ဒီနာမည်ကြီး ပရိသတ်ဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ဗီဇာ အငြင်းခံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကွန်ဂိုနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်ကို ကွင်းထဲလာရောက်ပြီး သူ ကြည့်ခွင့် မရလိုက်ပါဘူး။ ဒါဟာ သူ့အတွက် ၆ နှစ်တာကာလအတွင်း ဒီအာရ်ကွန်ဂိုရဲ့ပွဲကို ပထမဆုံးအကြိမ် ပွဲလွဲချော်လိုက်ရတာလည်း ဖြစ်ပါတယ်။
ဒီအာရ်ကွန်ဂိုအသင်းရဲ့ ကစားသမားတွေဟာ ကစားသမားအတော်များများနဲ့ ပူးပေါင်းပြီး အဲ့ဒီပရိသတ် ကွင်းထဲကို ပြန်လည်ဝင်ရောက် အားပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရရဲ့ ဗီဇာငြင်းပယ်မှု ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ပေးခဲ့ကြပါတယ်။
ကစားသမားတွေက “သူဟာ ပွဲတိုင်းမှာ ကျွန်တော်တို့အတွက် မျက်စိနဲ့တပ်အပ်မြင်ရတဲ့ စိတ်ဓာတ်ခွန်အားဖြစ်ပါတယ်” လို့ တင်ပြ တောင်းဆိုခဲ့ကြတာပါ။ အခုတော့ သူတို့ရဲ့ အယူခံ အောင်မြင်သွားခဲ့ပါပြီ။
မိုင်ချယ်လ် ကူကာ ဘိုလာဒင်ဂါ ကို ဒီအာရ်ကွန်ဂို ကစားသမားတွေနဲ့ ပရိသတ်တွေက လူမွန်ဘာ ရုပ်တုကြီး လို့ ချစ်စနိုး မှည့်ခေါ်ထားကြပါတယ်။
မိုင်ချယ်လ် ကူကာ ဘိုလာဒင်ဂါ ဟာ ဒီအာရ်ကွန်ဂိုနိုင်ငံရဲ့ ပထမဆုံးသော ဝန်ကြီးချုပ်လည်းဖြစ်၊ လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ ခေါင်းဆောင်ကြီးလည်းဖြစ်တဲ့ ပက်ထရစ် လူမွန်ဘာ ကို ဂုဏ်ပြုတဲ့အနေနဲ့ လူမွန်ဘာရုပ်တုကြီးအတိုင်း ပွဲကြည့်စင်ထက်မှာ ရပ်လို့ အသင်းကို အားပေးတာပါ။
အခုလို ဗီဇာအယူခံ အောင်မြင်သွားခဲ့ပြီဖြစ်လို့ လူမွန်ဘာရုပ်တုကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ မိုင်ချယ်လ် ကူကာ ဘိုလာဒင်ဂါ ဟာ ဥဇဘက်ကစ္စတန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်မှာတော့ ကွင်းထဲက ပရိသတ်အဖွဲ့တွေကြားထဲကို ဒီအာရ်ကွန်ဂိုကို အားပေးဖို့အတွက် တစ်နေရာတည်းမှာ ကျောက်ရုပ်ကြီးကို မားမားရပ်လို့ သူ့စတိုင်လ်အတိုင်း ပြန်ရောက်လာတော့မှာပဲဖြစ်ပါတယ်။







