ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်မြို့တွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

May 19, 2026

ပုံစာ - ရေနစ်သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်။ဓာတ်ပုံ - ဝဋံသက နာရေးကူညီမှုအသင်း။

မြိတ်မြို့၊ ကလွင်ရပ်ကွက်၊ မော်စွန်း (ဒေသအခေါ်) ဓနိတောအစပ်တွင် မေလ ၁၈ ရက် ညနေပိုင်းက ရေနစ်သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။

သေဆုံးသူသည် ကလွင်ရပ်ကွက်တွင် သက်ကြီးပိုင်း မိဘနှစ်ဦးနှင့်အတူ နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။

ရေနစ်သေဆုံးနေသူကို ရပ်ကွက်နေပြည်သူများက စတင်တွေ့ရှိခဲ့ပြီး ရပ်ကွက်တာဝန်ရှိသူများမှတစ်ဆင့် ပရဟိတအသင်းသို့ အကြောင်းကြားကာ ဆေးရုံသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ယင်းရုပ်အလောင်းကို မြိတ်မြို့အခြေစိုက် ဝဋံသက နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“ရာအိမ်မှူးက အကြောင်းကြားလာလို့ သွားသယ်ပေးတာ။ ရင်ခွဲစစ်ဆေးချက်အရ ရေနစ်သေဆုံးတာပါပဲ။ ဒီနေ့ (မေလ ၁၉ ရက်) ပဲ သင်္ဂြိုဟ်လိုက်တယ်။ မိသားစုက ဆင်းရဲနွမ်းပါးလို့ နာရေးကိစ္စအဝဝကို အသင်းကပဲ အခမဲ့ ကူညီပေးခဲ့ရတယ်” ဟု ဝဋံသက နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။

ယနေ့ မေလ ၁၉ ရက်တွင်လည်း မြိတ်မြို့ပေါ် ရပ်ကွက်တစ်ခု၌ ကလေးငယ်တစ်ဦး ရေနစ်ခဲ့သဖြင့် မြို့ခံပရဟိတအသင်းတစ်ခုက ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသေးကြောင်း သိရသည်။

မိုးကာလတွင် ရေကြီးရေလျှံမှုများနှင့်အတူ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်း၊ မြွေကိုက်ခံရခြင်းစသည့် အန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် ရေကြီးရေလျှံကာ ရေလွှမ်းမိုးထားသည့် နေရာများတွင် လမ်းလျှောက်ခြင်း၊ ယာဉ်တစ်စုံတစ်ရာဖြင့် ဖြတ်သန်းခြင်းမပြုရန် ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO မြန်မာနိုင်ငံ) ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတိပေးနှိုးဆော်ထားသည်။

တနင်္သာရီတိုင်းသို့ မုတ်သုံမဝင်မီ မေလဒုတိယအပတ်ကတည်းက မြိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး နေရာအချို့၌ ရေနုတ်မြောင်းများ ပိတ်ဆို့ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ မှတ်တမ်းတင်ထားသည့် ရုပ်သံဗီဒီယိုဖိုင်များအရ သိရသည်။