ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများ အမိုးအကာနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။
တနင်္သာရီ-မောတောင်လမ်းပိုင်းနှင့် မောတောင်မြို့အနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။
ဧပြီလ ၂၆ရက်မှ ၂၈ရက်အထိ ကျေးရွာများကို သုံးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အမှတ် ၁ ရွာမှ အမှတ် ၉ ရွာအထိ ကျေးရွာ ကိုးရွာက ဒေသခံ လေးထောင်ကျော် ဘေးလွတ်ရာဥယျာဉ်ခြံများတွင် တိမ်းရှောင်ကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မေလ ၈ ရက်တွင် စစ်ဘေးရှောင်များရှိသည့် နေရာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်း ရောက်ရှိလာသဖြင့် အခြားနေရာသို့ ထွက်ပြေး တိမ်းရှောင်ကြရကြောင်း ၎င်းက ပြောဆိုသည်။

















ယင်းနောက် မေလ ၁၈ ရက်တွင်လည်း စစ်အာဏာရှင်တပ် စစ်ကြောင်း စစ်ဘေးရှောင်များ နေထိုင်သည့် နေရာသို့ ထပ်မံ ရောက်ရှိလာသောကြောင့် ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
“ခြံတွေထဲရှောင်တုန်းက တဲတွေရှိတယ်။ အခုက နေရာထပ်ပြောင်းရတော့ ဘာမှမရှိဘူး။ မိုးရာသီလည်းဖြစ်နေတယ်။ အမိုးကာတွေ အများကြီးလိုအပ်နေတယ်။ ကလေးတွေပါတယ်ဆိုတော့ တော်တော်ပင်ပန်းတယ်”ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်များသည့် အဓိကအားဖြင့် စားနပ်ရိက္ခာများ လိုအပ်နေပြီး ကျန်းမာရေးအတွက် လိုအပ်ချက်များရှိသလို အမိုးအကာများလည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောဆိုသည်။
“အခုက မိုးရာသီဖြစ်နေတော့ အမိုးအကာခက်ခဲတယ်။ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တဲ့အတွက် ကျန်းမားရေးအတွက် လိုအပ်တာတွေရှိတယ်။ မိုးရာသီဖြစ်တဲ့အတွက် ချက်ပြုတ်စားသောက်နေရတာက အစ မလွယ်ကူဘူး။ မိုးရာသီဖြစ်တဲ့ အတွက် အိမ်သာတွေလည်း အဆင့်သင့်ပြင်ထားတာမျိုး မရှိလို့ ပိုခက်ခဲတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် လက်လွှတ်ဆုံးရှုံးထားသည့် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဧပြီလ ၂၁ရက်မှစတင်ကာ ကားအစီး၅၀ကျော်ဖြင့် မောတောင်လမ်းကို အင်အားဖြည့်တင်းခဲ့သည်။
ယနေ့ မတ်လ ၁၉ ရက်နံနက်တွင် မောတောင်မြို့ ဧရိယာတွင် ပါဝင်သည့် အမှတ် ၁ ရွာတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။







