ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့အနီး ပေါက်တိုင်းရွာတွင် လိုင်စင်မဲ့ ဆိုင်ကယ်ဘေးတွဲယာဉ်များ စီးခွင့်ပိတ်

May 19, 2026

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာအုပ်စု၊ ပေါက်တိုင်းကျေးရွာတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက လိုင်စင်မဲ့ဆိုင်ကယ်များတွင် တပ်ဆင်ထားသည့် ဘေးတွဲယာဉ်များကို စီးနင်းခွင့်ပြုတော့မည် မဟုတ်ကြောင်း မေလ ၁၇ ရက်က အစည်းအဝေးခေါ်ယူ၍ ပြောကြားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

လိုင်စင်ရှိသည့် ဆိုင်ကယ်များတွင် တပ်ဆင်ထားသည့် ဘေးတွဲယာဉ်များမှာ ပုံမှန်အတိုင်း စီးနင်းနိုင်ပြီး လိုင်စင်မဲ့ဆိုင်ကယ် ဘေးတွဲယာဉ်များကိုမူ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးပါက အသိမ်းခံရနိုင်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်ဟု ဆိုသည်။

“အထက် (စစ်ကောင်စီ ဌာနဆိုင်ရာ) က ရွာမှာရှိတဲ့ ဘေးတွဲစာရင်းကို တောင်းတာ။ အုပ်ချုပ်ရေးမှူးက လိုင်စင်ရှိတဲ့ အရေအတွက်ပဲ စာရင်းပေးလိုက်တယ်လို့ ပြောတယ်။ တကယ်လို့ လာစစ်ဆေးလို့ ဆိုင်ကယ်လိုင်စင်မရှိလို့ အဖမ်းခံရရင် အာမမခံဘူးပေါ့။ အဲဒါကို ဘေးတွဲရှိတဲ့လူတွေအကုန် အစည်းအဝေးခေါ်ပြီး ပြောတာ” ဟု ပေါက်တိုင်းရွာသားတစ်ဦးက ပြောသည်။

ပေါက်တိုင်းကျေးရွာသည် ထားဝယ်မြို့အနီး ကပ်လျက်စီးဆင်းနေသည့် ပေါက်တိုင်းချောင်းနှင့် စပါးတောင်အကြား တည်ရှိပြီး လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့် ကျေးရွာဖြစ်သည်။

ဘေးတွဲယာဉ် စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် လယ်ယာထွက်ကုန်များကို လယ်ယာလုပ်ငန်းခွင်များမှ ကျေးရွာအတွင်း သယ်ယူရာတွင် အခက်အခဲ ဖြစ်နေကြောင်း တောင်သူများက ပြောသည်။

“လယ်ထဲ ယာထဲက ထွက်တာတွေကို ဘေးတွဲနဲ့ပဲ သယ်ရတာလေ။ ကားလမ်းမပေါ် တက်စီးနေတာလည်း မဟုတ်ဘူး။ ရွာထဲ ပစ္စည်းသယ်တာလောက်ပဲ ရှိတယ်။ သုံးဘီးတွေ၊ ထွန်စက် (ထွေလာဂျီ) တွေလည်း အားလုံး ဝယ်မနိုင်ကြဘူး။ ဘေးတွဲဆိုပြီး ပေါ့ပေါ့ပါးပါး လိုင်စင်မဲ့ ဆိုင်ကယ်အစုတ်လေးတွေနဲ့ လုပ်ထားကြတာ။ အခုကတော့ ဘေးတွဲတွေ ပြန်ဖြုတ်နေကြရတယ်” ဟု ပေါက်တိုင်းရွာမှ တောင်သူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နှင့် မြို့အဝင်အထွက်ဂိတ်များတွင် ဘေးတွဲယာဉ်များ စီးနင်းသည်ကို ယာဉ်ထိန်းရဲများနှင့် တွေ့ဆုံပါက ဖမ်းဆီးခံရကာ ဒဏ်ငွေ ကျပ်သုံးသောင်းထက်မနည်း ပေးဆောင်ရလေ့ရှိကြောင်း ဘေးတွဲအသုံးပြုသူများထံမှ သိရသည်။

ဘေးတွဲယာဉ်များသည် လိုက်ပါစီးနင်းသူများအတွက် ဘေးကင်းလုံခြုံမှု မရှိဟုဆိုကာ ဆိုင်ကယ်ဖြင့် တပ်ဆင်သည့် ဘေးတွဲများကို မြန်မာနိုင်ငံတွင် ဘေးတွဲလိုင်စင်အဖြစ် တရားဝင် ထုတ်ပေးခြင်းမရှိပေ။

သို့သော်လည်း ဒေသတွင်း၌မူ သွားရေးလာရေးနှင့် ကုန်စည်သယ်ယူရာတွင် ဘေးတွဲယာဉ်များကိုသာ အဓိကထား အသုံးပြုနေကြရသည်။

စစ်ကောင်စီတပ်၊ မောရဝတီရေတပ်အခြေစိုက်ရာ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင်မူ စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင် ဆိုင်ကယ်စီးနင်းခွင့် လုံးဝပိတ်ပင်ခဲ့ပြီးနောက် သွားလာရေးအခက်အခဲကို ဒေသခံများက ဘေးတွဲဆိုင်ကယ်များ အသုံးပြု၍ ဖြေရှင်းခဲ့ကြရကြောင်း ယင်းဒေသခံများထံမှ သိရသည်။