မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်မှု ပြန်ဖြစ်ပွားပြီး အရောင်းဆိုင်အချို့ ပိတ်ထားသည့်အတွက် သုံးစွဲသူများ ပြင်ပတွင် စျေးကြီးပေး ဝယ်သုံးနေရကြောင်း သိရသည်။
ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သထုံ အစရှိသည့် မြို့နယ်များတွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး စက်သုံးဆီ ပြတ်လပ်မှု ပြန်ဖြစ်နေကြောင်း၊ အရောင်းဆိုင်အများစုလည်း ပိတ်ထားကြကြောင်း သုံးစွဲသူများက ပြောသည်။
“ဒီရက်ပိုင်း ဆီတွေ ပြန်ပြတ်နေတယ်။ ဝယ်မရဘူး။ ဆိုင်တွေက ဆီမရှိလို့ဆိုပြီး ဆိုင်တွေ ပိတ်ထားကြတယ်။ ဆိုင်တွေကို မေးကြည့်တာကတော့ ဆီကားမဝင်လို့တော့ ပြောတယ်။ ဘာကြောင့်လဲဆိုတာ သူတို့လည်း သေချာမသိဘူးတဲ့” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။
စက်သုံးဆီ ပြတ်လပ်ပြီး အရောင်းဆိုင်များ ပိတ်ထားကြသည့်အတွက် သုံးစွဲသူများ ပြင်ပတွင် ဆီတစ်လီတာ တစ်သောင်းကျပ်အထိ စျေးကြီးပေး ဝယ်ယူသုံးစွဲနေရဟုဆိုသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း ၉၂ တစ်လီတာ ၃၄၀၀ ဝန်းကျင်၊ ၉၅ တစ်လီတာ ၃၅၀၀ ဝန်းကျင် စျေးရှိနေသည်ဟု စက်သုံးဆီအရောင်းဆိုင်တို့ထံမှ သိရသည်။
“ဆီက ဘယ်ဆိုင်မှ ဝယ်လို့မရဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ အခု အပြင်မှာ တစ်လီတာ တစ်သောင်းနဲ့ ဝယ်ခဲ့ရတယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
စက်သုံးဆီရည်ညွှန်းဈေးအရ မွန်ပြည်နယ်တွင် အခြားတိုင်းနှင့် ပြည်နယ်ထက် စျေးပိုများနေသည့်အပြင် အရောင်းဆိုင်များတွင် ဝယ်မရသည့်အတွက် ပြင်ပတွင် စျေးအဆမတန် ပေး၍ဝယ်ယူနေကြရသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်ပြီး လုပ်ပိုင်ခွင့် ရရှိထားသည်။
မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချမည့် စက်သုံးဆီများကို မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။







