ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဖူးခက် ဘန်ထောင် ပရဟိတအဖွဲ့က ကိုဇာနည်ကို ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၁၈) ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ချက်ချင်း ပြန်လွှတ်လိုက်ကြောင်း ကိုဇာနည်က ပြောသည်။
ဖူးခက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးသည် သေနတ် ကိုင်ထားသော ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် တင်ထားပြီး ၎င်းဝတ်ဆင်ထားသော ပရဟိတ အဝတ်အစားသည်လည်း ထိုင်းအာဏာပိုင်များ ဝတ်ဆင်သော အဝတ်အစားများနှင့် ဆင်တူနေသည်ဟု Phuket Times သတင်းဌာနက ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ဖော်ပြသည်။
အဆိုပါ မြန်မာနိုင်ငံသားသည် အခြားမြန်မာနိုင်ငံသားများထံက ငွေကြေးများ ကောက်ခံနေသည်ဟုဆိုကာ စစ်ဆေးပေးရန် သတင်းတွင် ရေးသားထားသည်။
သတင်းတွင် ဖော်ပြခံရသူမှာ ဖူးခက်မြို့တွင် ပရဟိတနှင့် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသော ကိုဇာနည်ဖြစ်ပြီး ယနေ့တွင် ရဲတပ်ဖွဲ့က လာရောက်ခေါ်ယူ၍ ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း ကိုဇာနည်က ဆိုသည်။
ဓါတ်ပုံတွင် ဖော်ပြခံရသော သေနတ်မှာ အစစ်မဟုတ်ဘဲ သေနတ်အတုဖြစ်ကာ အဝတ်အစားကလည်း ထိုင်း-မြန်မာ အလံနှစ်ခုပါသော ပရဟိတအဖွဲ့၏ အင်္ကျီသာဖြစ်သည်ဟု ရဲစခန်းတွင် ဖြေကြားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
ငွေကြေးအလှူခံရာတွင် အာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံပြီးမှ အလှူခံရမည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပြီးနောက် ယနေ့တွင် ချက်ချင်း ပြန်လွှတ်လိုက်ကြောင်း ကိုဇာနည်က ပြောသည်။
“အားလုံးကို ဖြေရှင်းပြီးပါပြီ။ အေးအေးဆေးဆေးဖြစ်ပါပြီ။ ပရဟိတလုပ်နေတာ ထိုင်းတွေကအစ သိတယ်လေ။ လူမှုကယ်ဆယ်ရေးလည်း လုပ်နေတာကို သိနေတော့ ပရဟိတ လုပ်တာကို သူတို့ ခွင့်ပြုပါတယ်။ ပိုက်ဆံအလှူခံတာကိုပဲ ခွင့်မပြုဘူးပြောတာ” ဟု ကိုဇာနည်က ပြောသည်။
ကိုဇာနည် နေထိုင်သော အခန်းနှင့် အချက်အလက်များကို ရဲတပ်ဖွဲ့က မှတ်တမ်းရယူခဲ့ပြီးနောက် ပရဟိတလုပ်ငန်းကို ခွင့်ပြုပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ကိုဇာနည်သည် ဖူးခက်မြို ဘန်ဂျိုးဒေသရှိ DCM ဆောက်လုပ်ရေး အလုပ်သမားအဆောင် မီးလောင်ခဲ့မှုကိုလည်း ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်သလို ဆေးရုံတက် ကုသနေရသော မြန်မာအလုပ်သမားများကိုလည်း ကူညီဆောင်ရွက်ပေးနေသူဖြစ်သည်။







