ဘုတ်ပြင်းမြို့နယ်ရှိ လေညာ-ရတနာပုံလမ်းပိုင်းကို စစ်အာဏာရှင်တပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် လနှင့်ချီကြာတိုက်ပွဲဖြစ်နေကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။
ယခုနှစ် သင်္ကြန်ပွဲတော်ပြီးချိန်မှစကာ အင်အား ၅၀၀ ခန့်ဖြင့် ဒုတိယအကြိမ် စစ်ကြောင်းထပ်ထိုးလာသည့်အတွက် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံ ကိုလူစစ်နိုင်က ဆိုသည်။
အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကော်သူးလေ တပ်မတော်(KTLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ) က ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။
“ပူးပေါင်းပြီး ခုခံတဲ့အတွက် တိုက်ပွဲအရေအတွက်ကတော့ နေ့စဉ်နီးပါးဖြစ်နေတာမလို့ အကြိမ်ရေ အတော်များပါတယ်”ဟု ဒုတာဝန်ခံ ကိုလူစစ်နိုင်က ဆိုသည်။
လက်ရှိတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များက လေညာ-ရတနာပုံလမ်းပေါ်ရှိ တစ်မိုင်ခွဲနေရာမှ ဆယ်မိုင်ကြား လမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်နေကြောင်း ၎င်းက ပြောသည်။
ယခုနှစ် မတ်လအစောပိုင်းကလည်း အင်အား ၄၀၀ ခန့်ပါသည့် စစ်အာဏာရှင်တပ်စစ်ကြေင်းက ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံတပ်စခန်းဘက် စစ်ကြောင်းထိုးခဲ့သော်လည်း သင်္ကြန်ပွဲတော်မတိုင်မီ ပြန်ဆုတ်သွားကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ ထံမှ သိရသည်။
စစ်အာဏာရှင်တပ်က တနင်္သာရီတိုင်းအတွင်း ဗျူဟာအရအရေးပါသည့် ပြည်ထောင်စုလမ်းမနှင့် ထိုင်း-မြန်မာနယ်စပ်လမ်းများကို စစ်အင်အားအများအပြားဖြည့်တင်းကာ စစ်ကြောင်းထိုးတိုက်ခိုက်နေသည်။
ထိုကြောင့်လည်း တနင်္သာရီတိုင်းအတွင်း စစ်ရေးအရှိန်မြင့်တက်နေပြီး ဒေသခံများလည်း မိုးသည်းသည်းမဲမဲ ရွာနေသည့်ကြားက နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
လေညာ-ရတနာပုံလမ်းပိုင်းတွင် လနှင့်ချီကြာတိုက်ပွဲကြောင့် အနီးအနား ကျေးရွာများရှိ ဒေသခံအချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရပြီး စစ်ရေးအခြေအနေကြောင့် ဥယျာဉ်ခြံလုပ်ငန်းများလည်း ရပ်နားထားရကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ခံ တစ်ဦးက ဆိုသည်။
ပြည်ကြီးမဏ္ဍိုင်မြို့သည် လေညာ-ရတနာပုံလမ်းအနီးတွင်တည်ရှိသည်။
“အခြေအနေတွေက ဘယ်အချိန်မှာ ဘာထဖြစ်မယ်ဆိုတာ သေချာမသိရဘူး။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတာပဲ။ ဥယျာဉ်ခြံတွေထဲလည်း မသွားရဲဘူး။ မိုင်းနင်းမိမှာ ကြောက်တယ်”ဟုအထက်ပါ မြို့ခံကပြောသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်အာဏာရှင်တပ်ဘက်ကရော တော်လှန်ရေးတပ်ဘက်ကပါ ထိခိုက်မှုရှိကြောင်း ဒုတာဝန်ခံ ကိုလူစစ်နိုင်က ဆိုသည်။
“ရန်သူဘက်က အထိအခိုက်အကျအဆုံးအတော်များပြီး ကျွန်တော်တို့ဘက်ကလည်း PDFရဲဘော်တစ်ယောက် ကျဆုံးခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။
မတ် ၂၉ ရက်နေ့ကလည်း လေညာရွာအခြေစိုက် စစ်အာဏာရှင်တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးက ပြည်ကြီးမဏ္ဍိုင်မြို့ရှိ နေအိမ်တစ်ဆာင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ မြို့ခံသုံးဦး ဒဏ်ရာရခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံရွာ (သတ္တုမိုင်း) ကို ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် ထားသည်။







