ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ အမှတ်၆ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ရဟန်းများကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင် တပ်သည် မေလ ၁၆ ရက် မွန်းလွဲ ၂နာရီတွင် အမှတ်၆ရွာရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် များကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် အမှတ်၉ရွာ၊ အမှတ်၈ရွာနှင့် အမှတ်၆ရွာအနီးဝန်းကျင်က ဒေသခံ တစ်ရာကျော် ခိုလှုံနေကြကြောင်း ၎င်းက ပြောဆိုသည်။
“(ဖမ်းထားတာမှာ) ဘုန်းကြီးတွေလည်း ပါသွားတယ်။ (ဆက်သွယ်ရေး) လိုင်းတွေလည်း မရှိတော့ နောက်ဆက်တွဲ ထပ်မသိရတော့ဘူး။ အရင်က ဆက်သွယ်နေတဲ့သူတွေနဲ့လည်း ဆက်သွယ်ပြတ်ကုန်ပြီ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဖမ်းဆီးထားသူများကို အမှတ်၆ ကျေးရွာတွင် ဆက်လက်ဖမ်းဆီးထားသည် သို့မဟုတ် အခြားနေရာသို့ ခေါ်ဆောင်သွားသည် စသည်တို့ကိုမူ သေသေချာချာ မရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် မေလ ၁၆ရက် ညနေ ၃နာရီတွင် လေယာဉ်ဖြင့် အမှတ်၃ရွာကို တိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ထိခိုက်မှုတော့ မသိရသေးဘူး။ လေကြောင်းက နှစ်စီးလာကြဲသွားတယ်။ မနေ့ (မေလ ၁၆) ကတော့ အမှတ်၅မှာ စောစောဘက်ပွဲဖြစ်နေတယ်လို့တော့ ကြားရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်စစ်ကြောင်းထိုးလာခြင်းကြောင့် မောတောင်မြို့နှင့်အမှတ်၁ရွာမှ အမှတ်၉ရွာအထိ ကျေးရွာ ကိုးရွာက ဒေသခံ လေးထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ဆိုသည်။
ပုံစာ – မောတောင်မြို့ အမှတ် ၆ ရွာလမ်းတစ်နေရာ၊ ပုံ – GoogleMap







