ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ယမန်နေ့ မေလ ၁၇ ရက် ညက ကံပေါက်စျေးရှိသည့် မဂ္ဂင်ရပ်ကွက်နှင့် ဗိုလ်ချုပ် ရပ်ကွက်တို့တွင် စျေးဆိုင်နှင့် နေအိမ်များ ဆက်တိုက်ဖောက်ထွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။
ကံပေါက်စျေးအတွင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်နှင့် ဗိုလ်ချုပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတို့အား အမိုးနှင့်အကာများကို ဖျက်ဆီးပြီး ဝင်ရောက်ခိုးယူခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဗိုလ်ချုပ်ရပ်ကွက်တွင် ဖောက်ထွင်းခံရသည့်နေအိမ်မှာ အိမ်ရှင်များအခြားနေရာသို့ ရွှေ့ပြောင်းနေသဖြင့် ဆိုင်ခန်း အငှားတင်ထားကာ နေ့ဘက်သာ နေအိမ်၌ လူရှိသည်ကို စောင့်ကြည့်၍ ဖောက်ထွင်းခိုးယူခြင်းဖြစ်နိုင်ကြောင်း ယင်းရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။
အဆိုပါဖောက်ထွင်းခံရသည့်နေအိမ်တွင် လျှပ်စစ်သုံး အိမ်သုံးပစ္စည်း အချို့ ခိုးယူခံရကြောင်း ၎င်းက ဆိုသည်။
ယင်းနေအိမ်၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် စစ်အာဏာရှင်တပ်၏ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖရုံး) တည်ရှိသည်။
ကံပေါက်စျေးအတွင်း ဖောက်ထွင်းခံရသည့် ကုန်စုံဆိုင်တွင်မူ ဆန်အိတ်နှင့် မုန့်များ ခိုးယူခံရကြောင်း စျေးသည်များထံမှ သိရသည်။
ယင်းကုန်စုံဆိုင်၏ စီစီတီဗွီ ကင်မရာမှတ်တမ်းအရ ဖောက်ထွင်းခိုးယူသူအုပ်စုတွင် ခြောက်ဦး ပါဝင်သည်ကို တွေ့ရကြောင်း စျေးသည်တစ်ဦးက ပြောသည်။
ယင်းအပြင် ကံပေါက်စျေးသို့သွားရာလမ်းရှိ အထက ကံပေါက်အရှေ့တွင် ဖွင့်ထားသည့် ယာယီမုန့်ဆိုင်တဲ သေတ္တာ များလည်း မေလ ၁၇ ရက်ညက ဖောက်ထွင်းခံရပြီး မုန့်များနှင့် မုန့်လုပ်သည့် ပစ္စည်းအချို့ခိုးယူခံရကြောင်း စျေးသည်များထံမှ သိရသည်။
ဖောက်ထွင်းခိုးယူသူများကို ယနေ့ မေလ ၁၈ရက် ညနေပိုင်းအထိ ဖမ်းဆီးအရေးယူခြင်း မတွေ့ရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ကံပေါက်ကျေးရွာအုပ်စုတွင် အာဏာသိမ်းကာလနောက်ပိုင်းတွင် ခိုးယူဖောက်ထွင်းမှုများ များပြားလာပြီး သုသာန် အုတ်ဂူ တွင် မြှုပ်ထားသည့် သံလုံးမှ စ၍ နေအိမ်များရှိ တန်ဖိုးကြီးပစ္စည်းများနှင့် ငွေကျပ်သိန်းရာဂဏန်းအထိ ဖောက်ထွင်း ခိုးယူမှုများရှိခဲ့သည်။
သို့သော် ဖောက်ထွင်းခိုးယူသူများကို စုံစမ်းဖော်ထုတ်ကာ ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။
ကံပေါက်ဒေသတွင် စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်အခြေစိုက်ပြီး အမှတ် ၂၇၃ ခြေလျင်တပ်ရင်းနှင့် စစ်အုပ်စု လက်အောက်ခံ နယ်မြေရဲစခန်းတို့ တည်ရှိသည်။







