သရက်ချောင်းမြို့နယ် ရငဲကျေးရွာကို စစ်အာဏာရှင်တပ်က မေလ ၁၇ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဝင်းဝရွာရှိ စခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ပစ်ခတ်ခြင်းဖြစ်ပြီး တစ်လုံးမှာ လူနေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲသဖြင့် အိမ်အပေါ်ထပ် အမိုးအကာများထိခိုက်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ရငဲကျေးရွာသည် ဝင်းဝကျေးရွာ၏ တောင်ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။
ရငဲကျေးရွာတွင် စာသင်ကျောင်းကိစ္စနှင့် ပတ်သက်၍ ရွာသူရွာသားများ အစည်းအဝေးလုပ်ရန် ပြင်ဆင်နေချိန် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးကြရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ပြေးလိုက်ရတာဆိုတာလေ ခြေထောက်တွေပါနာကုန်တယ်။ အလဲလဲအကွဲကွဲပဲ ပြေးလိုက်ကြရတာ” ဟု ၎င်းက ပြောသည်။
ရငဲကျေးရွာကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းကတည်းက စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှု၊ ဒေသခံများကို ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ရပြီး ၂၀၂၅ ခုနှစ်တွင် လူဦးရေသုံးပုံတစ်ပုံခန့်သာ ပြန်လည် နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။







