ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့တွင် စစ်အာဏာရှင်တပ် ညဘက်နေအိမ်တွင် စစ်မှုထမ်းဝင်ဆွဲ

May 18, 2026

ထားဝယ်မြို့တွင် စစ်အာဏာရှင်တပ်က ညဘက်နေအိမ်တွင် လူငယ်အမျိုးသားတစ်ဦးကို ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့ပေါ် ဥဿရံရပ်ကွက်က လူငယ်အမျိုးသားတစ်ဦး မေလ ၁၁ ရက်ညတွင် နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။

မေလ ၁၁ရက် ည ၁၁ နာရီတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပထမအကြိမ်လာရောက်ရှာဖွေစဉ် လူငယ်အမျိုးသားကို မတွေ့သဖြင့် ပြန်ထွက်သွားကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် ည ၁၂ နာရီခန့်တွင် ထပ်မံလာရောက်ရှာဖွေရာတွင် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း စစ်မှုထမ်း စုဆောင်းခံရသူကာယကံရှင် မိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။

“ပထမတစ်ခေါက် အိမ်မှာဝင်ရှာတော့ မပါသွားဘူး။ နောက်တစ်ခေါက် ထပ်အရှာခံရပြီး တစ်ခါတည်းပါသွားတယ်။ အခု ၄၀၁ (အမှတ် ၄၀၁ စစ်အာဏာရှင်ခြေမြန်တပ်ရင်း) ထဲမှာ” ဟု ၎င်းက ပြောသည်။

အလားတူ မေလ ၁၁ ရက် ညတွင် ထားဝယ်မြို့၌ ညဘက်နေအိမ်များ၌ စစ်မှုထမ်းစုဆောင်းခံရသူအချို့ရှိသေးသည်ဟု မြို့ခံများက ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

ယင်းအပြင် ထားဝယ်မြို့အဝင်ထွက်ဂိတ်များဖြစ်သည့် ပေါက်တိုင်းတံတားဂိတ်၊ ကမြောကင်းတံတားဂိတ်နှင့် မြို့သစ် ၇ လမ်း၊ ကမ်းနားလမ်းတို့တွင် ယခုမေလအတွင်း နေ့ဘက်သွားလာစဉ် စစ်မှုထမ်းစုဆောင်းခံရသူ ၂၀ ဦး ထက်မနည်းရှိသည်။ အဆိုပါသတင်းမကို Dawei Watch က မေလ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

စစ်အာဏာရှင်တပ်သည် ညဘက် နေအိမ်များအထိ စစ်မှုထမ်းစုဆောင်းခြင်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ပြုလုပ်နေပြီး လစဥ် လူငယ်ဆယ်နှင့်ချီ၍ ယင်းပုံစံဖြင့် စစ်မှုထမ်း စုဆောင်းခံနေရကြောင်း မြို့ခံများကပြောသည်။

စုဆောင်းခံရသူများကို ထားဝယ် သပြေချောင်းတပ်နယ်ရှိ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၄၀၁ စစ်အာဏာရှင်ခြေလျင်တပ်ရင်းတွင် စုဆောင်းကာ ဦးရေ ၂၀ မှ ၅၀ အကြားကို စစ်မှုထမ်းသင်တန်းတက်ရန် မြိတ်သို့ စစ်သင်္ဘောဖြင့် လစဥ်ပို့ဆောင်နေကြောင်း ကိုယ်တိုင်ကြုံရသည့် ကာယကံရှင် မိသားစုများ၏ ပြောပြချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ယခုနှစ် ဧပြီလအထိ စစ်အာဏာရှင်တပ်က စစ်မှုထမ်း ဆင့်ခေါ်နေသည်မှာ အပတ်စဥ် ၂၄ အထိ ရောက်နေပြီဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက တနင်္သာရီတိုင်းတွင် လူငယ်အမျိုးသား ၁၂၀ ဦး စစ်မှုထမ်းအပတ်စဥ် ၂၄ အတွက် စုဆောင်းခံခဲ့ ရကြောင်း စစ်အာဏာရှင်တပ်ဘက်က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံများအရသိရသည်။