ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၀၉ စစ်အာဏာရှင် ခြေမြန်တပ်ရင်း စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၁၀ ဦး ထွက်ပြေးသည့်အနက် ခုနစ်ဦးမှာ မွန်ပြည်နယ်အခြေစိုက် တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွာရေးတပ်ဖွဲ့ထံ ရောက်ရှိနေကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းအနီးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ထွက်ပြေးစဥ် လမ်းပိုင်း၌ စစ်အာဏာရှင်တပ်က ပြန်လည်ပစ်ခတ်ဖမ်းဆီးရန် ကြိုးပမ်းသဖြင့် အုပ်စုကွဲသွားကာ သုံးဦး မှာ အသက်ရှင်မရှင် အတည်မပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
ကျန်ခုနစ်ဦးမှာ လက်နက်မပါဘဲ ထွက်ပြေးလာကြပြီးနောက် အရပ်သားကားတစ်စီးပေါ်၌ အခြားခရီးသည်များနှင့်အတူ လိုက်ပါလာစဥ် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။
လမ်းပိုင်းစစ်ဆေးသည့်နေရာ၌ လက်ကိုင်ဖုန်းများကို စစ်ဆေးရာမှ ၎င်းတို့ခုနစ်ဦးသည် စစ်မှုထမ်းများဖြစ်ကြောင်း သိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
စစ်မှုထမ်းတပ်သားများသည် မေလ ၉ ရက်ကတည်းက ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး မေလ ၁၃ ရက်တွင် တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လမ်းပိုင်းစစ်ဆေးသည့် နေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါခုနစ်ဦးသည် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စသည့်ဒေသများမှ အသက် ၂၀မှ ၃၅ နှစ်ကြားအရွယ် အမျိုးသားများ ဖြစ် ကြပြီး အလုပ်သွား အလုပ်ပြန်ချိန်များ၌ ဖမ်းဆီးခံရပြီး အဓမ္မစစ်မှုထမ်းဆောင်ခံခဲ့ရသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းအခြေစိုက် ဂျိုးဖြူ အမှတ် ၁ စစ်အာဏာရှင်တပ် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဥ် ၁၉ သင်တန်း တက်ရောက်ခဲ့ကြရကြောင်း ပြောဆိုသည်။
“လောလောဆယ်ကတော့ ကောင်းကောင်းမွန်မွန်ပဲ စောင့်ရှောက်ထားတယ်။ သူတို့လည်း ကောင်းကောင်းမွန်မွန် အစစ်အဆေးခံတယ်။ သူတို့ရဲ့ဆန္ဒအရ မိသားစုတွေနဲ့ ပြန်တွေ့ခွင့်ရအောင် ချိတ်ဆက်နိုင်ဖို့ စီစဥ်ပေးနေတယ်” ဟု တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
စစ်အာဏာရှင်တပ်အတွင်း ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ပြောဆိုကြကြောင်း ထွက်ပြေးလာသူများ၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။
တပင်ရွှေထီး ကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) ကွပ်ကဲမှုအောက်၌ရှိသော မွန်အခြေစိုက် ဒေသသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။
ခမရ ၄၀၉ တပ်ရင်းသည် အာဏာသိမ်းဖြစ်စဥ် မတိုင်မီက ကရင်ပြည်နယ် စစ်မျက်နှာများသို့ ရှေ့တန်းသွားရသည့် တိုက်ခိုက်ရေး တပ်တစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း စစ်ရေးပြင်းထန်လာချိန်တွင်မူ ထားဝယ်ခရိုင်အတွင်း အသုံးပြုလာကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။







