ဘန်ကောက်မြို့လယ်တွင် လူ ရှစ်ဦးအထိ သေဆုံးမှုဖြစ်ခဲ့သော ရထားတိုက်မှုတွင် ရထားမောင်းသူက မူးယစ်ဆေးသုံးစွဲထားသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၁၆ ရက်နေ့ ညနေပိုင်းက မက်ကစမ်ရထားလမ်းမှတ်တိုင်တွင် ရထားနှင့် အများသုံးဘတ်စ်ကားတို့ တိုက်မိပြီး မီးလောင်ပေါက်ကွဲခဲ့ရာမှ လူ ၈ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ၈ ဦးအနက် ၂ ဦး၏ အချက်အလက်ကို ထုတ်ပြန်ထားပြီး ကျန် ၆ ဦးမှာ အတည်ပြုနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
ဒဏ်ရာရရှိသူများအနက် မြန်မာနိုင်ငံသား ၅ ဦးပါဝင်ပြီး ဒဏ်ရာအခြေအနေကိုမူ မသိရသေးကြောင်း ဘီဘီစီသတင်းဌာနအရ သိရသည်။
လက်ရှိတွင် ရထားတိုက်မှုနှင့် ပတ်သက်၍ တာဝန်ပေါ့လျော့မှုဖြင့် ရထားမောင်းသူနှင့် ရထားလမ်း ဖြတ်ကူးရေးတာဝန်ခံတို့ကို အမှုဖွင့် အရေးယူထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။









ရထားမောင်းသူက မူးယစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရထားရပ်တန့်ရန် အရေးပေါ်ဘရိတ်ကို ၁၀၀ မီတာအကွာမှသာ သုံးစွဲခဲ့သဖြင့် အချိန်မီ မရပ်တန့်နိုင်ခဲ့ကြောင်း စုံစမ်းမှု ရလဒ်ကို ဖော်ပြထားသည်။
အကယ်၍ ရထားကို အချိန်မီ ရပ်တန့်လိုပါက ၂ ကီလိုမီတာအကွာမှစ၍ ဘရိတ်ကို အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည်။
အခင်းဖြစ်သောနေရာသည် လူသွားလူလာများပြီး ယာဉ်ကြောပိတ်ဆို့မှု အမြဲဖြစ်နေသည့်နေရာဖြစ်ပြီး ပုံမှန်ယာဉ်ကြောပိတ်နေချိန်တွင် ရထားများကို ရပ်တန့်ပေးခဲ့သော်လည်း မတော်တဆဖြစ်ခဲ့သည့်ရထားက အချိန်မီ ရပ်တန့်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ဖော်ပြသည်။
ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသဖြင့်ရထားလမ်းကူးအတားအဆီးများကိုလည်း အချိန်မီ ချနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။
ရထားတိုက်မှုကြောင့် သေဆုံးသူများအတွက် နစ်နာကြေး ဘတ် ၁၅ သိန်းစီ မိသားစုဝင်များကို ပေးအပ်ရန် ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
နောက်ထပ် ဒဏ်ရာရရှိသူများအား ဒဏ်ရာပေါ်မူတည်၍ နစ်နာကြေး ဘတ် ၈ သောင်းမှ ၅ သိန်းအထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မတော်တဆမှုအပြီး ဘန်ကောက်မြို့ ရထားလမ်းဖြတ်ကူးမှုကို ဥမင်ဖြစ်စေ ခုံးကျော်တံတားဖြစ်စေ ရေရှည် အန္တရာယ်ကင်းအောင် ဆောင်ရွက်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ပြောကြားထားသည်။
Ref: Khaosod, The Nation Thailand, The Thaiger







