ဒီမိုကရေစီနှင့် အချုပ်အခြာအာဏာကို စွန့်လွှတ်ရန် မည်သည့်ဖိအားပေးမှုကိုမဆို လက်ခံသွားမည် မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဝီလျံလိုင်ချင်းတယ်က မေလ ၁၇ ရက်နေ့တွင် ပြောဆိုလိုက်သည်။
ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေး တရားဝင်ကြေညာခြင်း မပြုရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သောကြာနေ့က သတိပေးပြောကြားလိုက်ပြီးနောက် ထိုင်ဝမ်သမ္မတ၏ အထက်ပါ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုသီတင်းပတ် အစောပိုင်းက သမ္မတထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား ထိပ်သီးဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာ ထိုင်ဝမ်အရေးက အဓိက အကြောင်းအရာတစ်ခုအဖြစ် လွှမ်းမိုးခဲ့သည်။
“ထိုင်ဝမ်အနေနဲ့ ပဋိပက္ခဖြစ်အောင် ရန်စတာ၊ ပဋိပက္ခပိုကြီးထွားအောင် လုပ်ဆောင်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ဖိအားတွေကြောင့် မိမိတို့ရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်တဲ့ လူနေမှုဘဝပုံစံတွေကို စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး” ဟု ထိုင်ဝမ်သမ္မတက တနင်္ဂနွေနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။
ထိုင်ဝမ်အနေဖြင့် ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းနေခြင်းမရှိဘဲ လက်ရှိအနေအထား တည်ငြိမ်ရန် အစဉ်တစိုက် မားမားမတ်မတ် ထိန်းသိမ်းနေသူသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေသတွင်း မတည်ငြိမ်မှုများ၏ ပင်မအရင်းအမြစ်မှာ တရုတ်နိုင်ငံသာ ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက စစ်အင်အားသုံး၍ ထိုင်ဝမ်နှင့် တရုတ်ကို ပြန်လည်ပေါင်းစည်းသွားမည်ဟု ကတိပြုထားသည်။
Source: Al Jazeera







