ထားဝယ်ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက်စျေး ယခုနှစ်ပွင့်လင်းရာသီတွင် အဖွင့်စျေးမကောင်းရာမှ ယခုစျေးဆက်ကျနေဆဲ ဖြစ်ကြောင်း ဒေသခံ အုန်းသီးအရောင်းအဝယ်ပြုလုပ်သူများထံမှသိရသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လခန့်တွင် ရန်ကုန်-ထားဝယ်လမ်းပိတ်သဖြင့် ပစ္စည်းတင်ပိုရန် ခက်ခဲခြင်းကြောင့် ထားဝယ် ဒေသထွက် အုန်းသီး အဝယ်ရပ်လိုက်သဖြင့် အုန်းသီးစျေးကျနေခြင်း၊ မန္တလေးတွင် ငလျင်ကြောင့်ထိခိုက်သည့် မုန့်တိုက်အချို့ လုပ်ငန်းမလည်ပတ်နိုင်သေးခြင်းတို့ကြောင့် မှာယူဝယ်ယူမှု နည်းပြီး အုန်းသီးစျေး ကျဆင်းနေကြောင်း ၎င်းတို့က ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ မန္တလေးစျေးကွက်က အုန်းသီးဝယ်ယူမှု ပြန်ရှိလာသော်လည်း အုန်းသီးစျေး မရသေး ကြောင်း ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်မှ အုန်းသီးအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ဆိုသည်။
“မန္တလေးက ပြန်ဝယ်နေတယ်ဆိုပေမယ့် အရင်လောက်ဖြုန်းအား (ဝယ်လိုအား) မကောင်းတော့ စျေးမရဘူး။ တစ်လုံးကို ရောင်းစျေး ၁၅၀၀ နဲ့ အပင်ဝယ်စျေး ၅၀၀ ပဲရတယ်” ဟု ၎င်းက ပြောဆိုသည်။
ယခုနှစ် ပွင့်လင်းရာသီ သီတင်းကျွတ်ကာလအဖွင့်စျေးမှာမူ အုန်းသီးတစ်လုံး အရောင်စျေး ကျပ် ၂၀၀ဝ ဝန်းကျင် နှင့် အပင်ဝယ် (တိုက်ရိုက်ဝယ်စျေး) တစ်လုံး ၈၀၀ ကျပ် ဝန်းကျင်ရှိခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ငလျင်မဖြစ်မီ မန္တလေးမှ အုန်းသီးအဝယ်စျေးကွက် အားကောင်းခဲ့စဥ် အုန်းသီးတစ်လုံး အရောင်းစျေး ငါးထောင်ကျပ်အထိ ရခဲ့ဖူးကြောင်း အုန်းသီးအရောင်းအဝယ်ပြုလုပ်သူများက ပြောသည်။
အုန်းသီး စျေးမကောင်းသဖြင့် အုန်းသားခြောက်ပြုလုပ်သူများလာပြီး အုန်းသားခြောက်စျေးလည်း ဆက်တိုက် ကျနေကြောင်း အုန်းသားခြောက်အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက ဆိုသည်။
“မနှစ်က အုန်းသားခြောက်တစ်ပိဿာ ၁၈၀၀၀ စျေးကနေ ၉၅၀၀ စျေးအထိကျတယ်။ အခုနှစ် ၅၀၀၀ စျေးပဲ ရှိတယ်။ ပြည်တွင်းစျေးကွက်မှာ အဝယ်လိုက်နေတာက ဧရာဝတီ နဲ့ ရခိုင်ဘက်က အုန်းသားတွေ၊ တနင်္သာရီက အုန်းသားကို လမ်းခရီးအခက်အခဲကြောင့် သိပ်အဝယ်မလိုက်ဘူး” ဟု ၎င်းက ပြောဆိုသည်။
အလားတူ မြိတ်တွင်လည်း ပြီးခဲ့သည့်နှစ်က အုန်းသားခြောက် တစ်ပိဿာလျှင် ကျပ်နှစ်သောင်းစျေးရခဲ့ပြီး တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ယခုနှစ် မတ်လတွင်မူ ကျပ်တစ်သောင်းသာ စျေးရတော့ကြောင်း စျေးကွက်အတွင်းမှသိရသည်။
တနင်္သာရီတိုင်းက အုန်းသားခြောက်ကို အုန်းဆီပြုလုပ်ရာတွင် အသုံးပြုပြီး ဒေသတွင်းစျေးကွက်အပြင် တိုင်းပြင်ပသို့ တင်ပို့ရောင်းချသည့် စျေးကွက်လည်းရှိသည်။
မန္တလေးမှ လာရောက်ဝယ်ယူသည့် ထားဝယ်ဒေသထွက် အုန်းသီးကိုမူ မုန့်တိုက်နှင့် ကွမ်းယာပစ္စည်း များပြုလုပ်ရာတွင် အသုံးပြုကြောင်း အုန်းသီးအရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။







