ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအုပ်စုတွင် ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်က တပ်ဖွဲ့ဝင် ငါးဦးထွက်ပြေးရာ ပစ်ခတ်ဖမ်းဆီးခံရသဖြင့် နှစ်ဦးသေဆုံးကာ သုံးဦးပြန်လည်ဖမ်းဆီးခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။
လေညာကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၉ ခြေမြန်တပ်ရင်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား နှစ်ရာကျော်သည် ဘန်ဂလားကျေးရွာအုပ်စုသို့ လွန်ခဲ့သည့် သုံးလခန့်က ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဘန်ဂလားတောင်ခြေတွင် ကင်းပုန်းဝပ်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များအနက် ငါးဦးသည် လက်နက်နှင့်အတူ ဇွန်လ ၁၆ရက် မွန်းလွဲ ၃နာရီခွဲတွင် ထွက်ပြေးကြောင်း ဒေသခံအချို့က ဆိုသည်။
၎င်းတို့ငါးဦးကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးသေဆုံးပြီး သုံးဦးပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“အနောက်ကနေ ပစ်ပြီးလိုက်ဖမ်းတော့ သုံးဦးအရှင်မိပြီး နှစ်ဦးသေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံ သတ္တုမိုင်းသို့သွားသည့် ရတနာပုံလမ်းပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ရေးလှုပ်ရှားလျှင် ဘန်ဂလားတောင်ခြေတွင် တပ်စွဲလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ထွက်ပြေးသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ဘန်ဂလားနှင့် ဟင်းလိုင်းကျေးရွာကြားတွင် မိုင်းနင်းမိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
သို့သော် မိုင်းကြောင့် ထိခိုက်မှုရှိ မရှိကိုမူ မသိရသေးကြောင်း ဆိုသည်။
ယင်းနောက် ခမရ ၅၅၉ တပ်ရင်းမှ မွန်းလွဲ ၃နာရီခွဲမှ ညနေ ၅နာရီအထိ ချောင်းမွန်ငါးရွာနှင့် ဟင်းလိုင်းရွာဘက်သို့ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ခဲ့ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
ဘန်ဂလားကျေးရွာအုပ်စုတွင် လေညာကျေးရွာနှင့် ဟင်းလိုင်းကျေးရွာတို့ရှိပြီး တစ်ဆက်စပ်တည်းရှိသည့် ရွာများဖြစ်သည်။
ချောင်းမွန်ငါးရွာသည် ထောင်ငသိုင်းကျေးရွာအုပ်စုတွင်တည်ရှိပြီး လေညာကျေးရွာနှင့် တစ်ဆက်စပ်တည်းရှိသည့် ရွာဖြစ်သည်။







