ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် စစ်ဘေးရှောင်များ ငှက်ဖျားအဖြစ်များနေပြီး ဆေးကုသခွင့်ရရန်ခက်ခဲ

April 17, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ အဖြစ်များလာပြီး ဆေးဝါးကုသရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

ဧပြီလ အစပိုင်းမှစ၍ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါဖြစ်လာကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

အဆိုပါနေရာတွင် ဆေးခန်းများ မရှိသဖြင့် မြို့များသို့ သွား၍ ငှက်ဖျားစစ်ဆေး ကုသမှုခံယူကြရကြောင်း ၎င်းက ဆိုသည်။

“တချို့တွေက မြို့ဆေးခန်းတွေကို သွားနေကြတယ်။ လူတိုင်းက ဒီလိုသွားလို့ အဆင်မပြေကြဘူး။ စကစဂိတ်တွေကို ဖြတ်ပြီး သွားလို့မရတဲ့လူတွေလည်း ရှိတယ်” ဟု အထက်ပါ စစ်ဘေးရှောင်က ပြောဆိုသည်။

စစ်ရှောင်နေသည့် ရွာနှင့်နီးသည့် ဆေးခန်းတွင် ငှက်ဖျားစစ်၍ ရသော်လည်း ဆေးဝါးပြတ်လပ်နေကြောင်း စစ်ရှောင် အခြားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ တောတောင် ဥယျာဉ်ခြံများတွင် တိမ်းရှောင်နေကြရပြီး ခြင်ထောင်လည်း လုံလုံလောက်လောက် မရှိသဖြင့် ငှက်ဖျားဖြစ်ပွားမှု များလာကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် ငှက်ဖျားရောဂါ စစ်ဆေးကုသပေးသည့်အဖွဲ့များရှိ၍ ဆေးဝါးများရှိသော်လည်း အဆိုပါအဖွဲ့များ မရှိသည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုက အစဖြစ်နေတဲ့ သဘောဖြစ်တယ်။ ဖျားလို့ စစ်ဆေးတိုင်း ပိုးကတွေ့နေတယ်။ မိုးရာသီဆို ပိုပြီးဖြစ်လာနိုင်တယ်။ အရင်ကလို လိုက်စစ်ပေးနေတဲ့ သူတွေရယ်၊ ဆေးတွေရယ် ရရင်ပိုဆင်ပြေတယ်” ဟု အထက်ပါ စစ်ဘေးရှောင်က ပြောဆိုသည်။

ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်ရှိပြီး ဥယျာဥ်ခြံများ၊ နီးစပ်ရာရွာများနှင့် စစ်ဘေးရှောင်စခန်းများတွင် တိမ်းရှောင်နေကြကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။