ပုလောမြို့နယ်၌ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ရွာသားများ ဝင်ရောက်မနေထိုင်ကြသည့် ဆင်ထိုးကြီး ကျေးရွာ တွင် ဧပြီလ ၁၅ရက်က နေအိမ် ၁၀လုံး မီးလောင်ပြာကျကြောင်း ဒေသခံအချို့က ပြောသည်။
အဆိုပါဒေသတွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသဖြင့် မီးလောင်မှု သတင်းကို နောက်ကျမှ သိရသောကြောင့် အချိန်မီ မီးမငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“ဖုန်းလိုင်းက အခုအထိဖြတ်ထားတယ်ဆိုတော့ တအားအခက်အခဲဖြစ်သွားတာပေါ့။ လူကိုယ်တိုင်လာခေါ်မှ သိရတာဆိုတော့ အစ်မတို့လိုက်သွားတဲ့ချိန်ဆို ဟိုမှာပြာကျကုန်ပြီ။ နောက်ထပ်အိမ်တွေ ဆက်ကူးမှာစိုးလို့ မီးသတ်ကားခေါ်ပြီးမီးငြိမ်းတာမှာ မိုင်းတစ်လုံးပေါက်ကွဲထွက်လာလို့ မီးသတ်ကားရော၊ လူတွေပါ အကုန် ပြန်ပြေးလာရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
မီးလောင်သည်ဟုသာ သိရပြီး မည်သို့စတင်လောင်ကျွမ်းသည်ကိုမူ တိတိကျကျ မသိရကြောင်း ၎င်းက ပြောသည်။
ဆင်ထိုးကြီးကျေးရွာဘက်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် ၂၀၂၄ ခုနှစ်ဩဂုတ်လမှ နိုဝင်ဘာလအထိ KNLA နှင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ဒေသခံများ တိမ်းရှောင်ခဲ့ကြရပြီး တိုက်ပွဲများ မဖြစ်တော့ချိန် ဒေသခံအချို့ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခဲ့ကြသော်လည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုများ ဆက်တိုက်ရှိခဲ့သည်။
ရွာအတွင်း အပြင်နှင့် လူနေအိမ်များကြား၊ လူသွားလမ်းများ၊ ဥယျာဉ်ခြံသို့ သွားသည့်လမ်းများ၊ ဥယျာဉ်ခြံများ အတွင်း စသည်တို့တွင် မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် နင်းမိပေါက်ကွဲကာ ထိခိုက်သူ ၂၀ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကြောင့် ဒေသခံများ မနေထိုင်ရဲဖြစ်နေချိန်တွင် နေအိမ်မီးလောင်မှုများမှာ မကြာခဏ ဖြစ်ပွားခဲ့သည်။
KNLA ထိန်းချုပ်ထားသည့် ဆင်ထိုးကြီးကျေးရွာတွင် ၂၀၂၆ ဇန်နဝါရီလ ၁၂ ရက်က နေအိမ်တစ်လုံးနှင့် စားသောက်ဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်ကလည်း လူနေအိမ် ခြောက်လုံးခန့် မီးလောင်ပျက်စီးခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။







