ထားဝယ်မြို့တွင် ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့က ရေပက်ခံထွက်လာသည် အမျိုးသားတစ်ဦး ဗဟိုမဏ္ဍပ်အနီးတွင် လဲကျသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။
သင်္ကြန်အတက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် ဗျောတော၀ရပ်ကွက်ရှိ နန်းတော်ရာဘုန်းကြီးကျောင်းအနီးတွင် အသက် ၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး လဲကျသေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“သူ့မိသားစု ပြောတာက သူမှာ နှလုံးရောဂါလို ရောဂါအခံရှိတယ်လို ပြောတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရောဂါအခံကြောင့် ရုတ်တရက်လဲကျ သေဆုံးသည်ဟု မိသားစုနှင့် နီးစပ်သူအချို့က ပြောဆိုကြသည်။
သေဆုံးသူသည် လောင်းလုံးမြို့ နယ်၊ သောကြာပြင်ကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။
ရုပ်အလောင်းကို ယနေ့ ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် မြိုခံပရဟိတ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံးကြီးမှ ၎င်း၏နေအိမ်သို့ ကူညီပို့ဆောင်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။







