ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ပေါ်တွင် သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး ဖခင်သေဆုံး

April 17, 2026

ပုံစာ - ထားဝယ်မြို့ ၊ ဥဿရံရပ်ကွက်ရှိလမ်းပိုင်းတစ်နေရာ။

ထားဝယ်မြို့၊ ဥဿရံရပ်ကွက်တွင် ဧပြီလ ၁၆ရက် ညက သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးကြောင်း အဆိုပါမိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ပစ်ခတ်ခံရသူများသည် ဥဿရံရပ်ကွက်တွင် နေထိုင်သည့် ဦးမိုင်ကယ်နှင့် အသက် ၁၄နှစ်အရွယ် သမီးတို့ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဦးမိုင်ကယ်နှင့် မိသားစုမှာ ဧပြီလ ၁၆ရက် ည ၈ နာရီခန့်တွင် မိသားစုနှင့်အတူ စကားပြောနေချိန် သေနတ်ကိုင်ဆောင် ထားသည့် လူငယ်နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်ခြံဝင်းထဲ ဝင်ရောက်ကာ အနီးကပ် ပစ်ခတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ မြိုခံတစ်ဦးက ဆိုသည်။

“အဖေကတော့ ခေါင်းမှာထိပြီး ပွဲချင်းပြီးသေသွားတယ်။ သူ့သမီးက ပေါင်ခြံမှာ ဒဏ်ရာရခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သားများ လာရောက်စစ်ဆေးခဲ့ပြီး နာရီပိုင်းအကြာတွင် ပြန်လည် ထွက်ခွာသွားကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားအချို့ က ပြောသည်။

ဦးမိုင်ကယ်သည် သံထည်ပစ္စည်းများ အရောင်းအဝယ်နှင့် သုံးဘီး အငှားလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း စုံစမ်းသိရသည်။

ဦးမိုင်ကယ်အား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ အသေးစိတ် မသိရသေးပေ။

ဒဏ်ရာရရှိသည့် ကလေးသည် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။