ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ထောင်က လွတ်မြောက်သူ ၁၀ကျော်တွင် နိုင်ကျဉ်းမပါ

April 17, 2026

ပုံစာ - ယနေ့ မြန်မာနှစ်ဆန်းတစ်ရက် ထားဝယ်အကျဥ်းထောင် ရှေ့မြင်ကွင်း။ ဓာတ်ပုံ - Dawei Watch

ယနေ့ မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ပြုဖြင့် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ကိုးဦး၊ အကျဥ်းသူနှစ်ဦး စုစုပေါင်း ၁၁ ဦး လွတ်မြောက်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းကိုးဦးတွင် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများ မပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသား အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ခိုးမှု၊ ငွေအတုမှု၊ လောင်းကစားမှုတွေ ပါတယ်။ နိုင်ငံရေးအမှုတွေ မပါဘူး” ဟု ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။

ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်အစိုးရက အကျဥ်းသား၊ အကျဥ်းသူ ၄၃၃၅ဦးနှင့် အကျဥ်းကျနေသည့် နိုင်ငံခြားသား ၁၇၉ ဦး တို့ကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အစိုးရကကြေညာထားသည်။

လွတ်ငြိမ်းခွင့်အပြင် သေဒဏ်ချမှတ်ခံထားရသူများကို ထောင်တစ်သက်သို့လည်းကောင်း၊ ထောင်တစ်သက် ချမှတ် ခံထားရသူများနှင့် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၄၀ အောက် အကျဉ်းချခံနေရသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ခွင့်များ ပြောင်းလဲခဲ့ကြောင်း ကြေညာထားသည်။