မြိတ်မြို့တွင် စစ်အုပ်စုက ဖမ်းဆီးသွားသည့် ဒေသခံနှစ်ဦးကို စစ်ကြောရေးတွင် သေဆုံးသွားပြီဟု အကြောင်းကြားလာသော်လည်း ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးကြောင်း မြို့ခံများနှင့် မိသားစုဝင်များထံမှ သိရသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်ရှိ နေအိမ်မှ အရိုးအကြောအနှိပ်ဆရာကို စရဖ၊ ရဲနှင့် စစ်အုပ်စုလက်အောက်ခံ အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားပြီး ဇူလိုင်လ ၈ ရက်နေ့တွင် မိသားစုကို ဆေးရုံတွင် အလောင်းလာကြည့်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
သေဆုံးသွားသူသည် မော်တုန်းအနှိပ်ဆရာဟု လူသိများသည့် အစ္စလာမ်ဘာသာဝင် အသက် ၆၀ ခန့်အရွယ် ဟာရှင်ဘိုင် (ခ) ဦးခင်မောင်ချို ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဖမ်းသွားပြီး ဘာမှစုံစမ်းလို့မရဘဲ သေသွားမှ သိရတယ်။ အလောင်းကို ပြန်မပေးဘူးလို့ သိရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ဇူလိုင်လ ၆ ရက်နေ့လယ် ၂ နာရီတွင်လည်း အင်းလေးမြိုင်ရပ်ကွက်နေအိမ်မှ ဘေးတွဲယာဉ်မောင်း ကိုထွန်းကို စရဖ၊ ရဲနှင့် စစ်အုပ်စု လက်အောက်ခံအဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ပြီး ၈ ရက်နေ့တွင် စစ်ကြောရေးမှ ထွက်ပြေးသဖြင့် ပစ်သတ်ရသည်ဟူသော အကြောင်းပြချက်ဖြင့် အလောင်းကို မိသားစုအား ခေါ်ပြခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
သေဆုံးသွားသူမှာ အသက် ၃၃ နှစ်အရွယ် ဘေးတွဲယာဉ်မောင်း၍ လုပ်ကိုင်စားသောက်သူဖြစ်ပြီး မိသားစုဝင်များက အလောင်းပြန်တောင်းသော်လည်း စရဖနှင့် အဖွဲ့ဝင်များက အလောင်းမပေးကြောင်း ၎င်းက ဆိုသည်။
“ညနေအချိန်မှာ မိသားစုကိုခေါ်ပြီး အလောင်းပြပေးတယ်။ ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ ပြောပြီး အလောင်းပြန်မပေးဘူး။ သူတို့ဘာသာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရတယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ အစ်ကိုဖြစ်သူကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် သေဆုံးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။







