တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ နေအိမ်မှ ဖမ်းဆီးသွားသည့် ဒေသခံ နှစ်ဦးမှာ နှစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် မော်တုန်းရွာ(အရှေ့ကမ်း)အခြေစိုက် စစ်အာဏာရှင်တပ်သားများ၊ စရဖနှင့် အဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည့် ဒေသခံ လေးဦးထဲမှ နှစ်ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ဒေသခံ နှစ်ဦးကို နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ပြန်မလွတ်သေးဘူး။ နှစ်ယောက်လုံးကို မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ ကျန်တဲ့နှစ်ယောက်က ဘာဖြစ်နေလဲ၊ ဘယ်ရောက်နေပြီလဲ လုံးဝမသိရဘူး” ဟု အထက်ပါဒေသခံက ပြောသည်။
ဆက်လက်ဖမ်းဆီးခံထားရသူ နှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး အသက် ၄၅ နှစ်နှင့် ၃၈ နှစ်အရွယ်များ ဖြစ်ကြသည်။
၎င်းတို့မှာ မော်တုန်းရွာ(အရှေ့ကမ်း)မှ ဒေသခံများဖြစ်ကြောင်း၊ စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး တနင်္သာရီမြို့သို့ ပို့ဆောင်လိုက်ပြီးနောက်ပိုင်း နောက်ဆက်တွဲအခြေအနေကို မသိရတော့ကြောင်း ဒေသခံများက ဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့လယ်တွင်လည်း စစ်အာဏာရှင်တပ်သားများက မော်တုန်းရွာ(အရှေ့ကမ်း)မှ အမျိုးသား တစ်ဦးကို လာရောက်ဖမ်းဆီးသွားပြီးမှ ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“စစ်သားတွေ ဝင်လာပြီး အရှေ့မော်တုန်းက အမျိုးသားတစ်ဦးကို ဖမ်းသွားသေးတယ်။ ပြီးတော့မှ ပြန်လွှတ်လိုက်တယ်။ အရင်ဖမ်းထားတဲ့ နှစ်ယောက်ပဲ ကျန်တော့တယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ယင်းသို့ နေအိမ်မှ ဖမ်းဆီးသွားပြီးနောက် စစ်မှုထမ်းရန်ပို့ဆောင်လိုက်သည့် ဖြစ်စဉ်များ ရှိနေပြီး ဒေသခံများမှာ အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်နေကြသည်။
ဧပြီလ ၃ ရက်ညတွင် ဘန်းလမွတ်ရွာ ကွမ်းခြံမှ ပျောက်သွားသည့် ဦးလှိုင်ဝင်းသည် တစ်လအကြာတွင် စစ်မှုထမ်းထဲ ပါသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ဘန်းလမွတ်ရွာနှင့် မော်တုန်းရွာသည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည့် တစ်ဆက်စပ်တည်းသော ရွာများဖြစ်သည်။







