ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများထဲ တရားမဝင်လုပ်ကိုင်နေသော မြန်မာ ၅၀ကျော် ဖမ်းဆီးခံရ

June 16, 2026

Ref: Siamrath, Rayong News, အလုပ်သမားခန့်ထားရေးရုံးပုံစာ - ဇွန်လ ၁၅ ရက်နေ့က လယွန်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ဖမ်းဆီးခံရသော အလုပ်သမားများ

ထိုင်းနိုင်ငံ ရယွန်ခရိုင်နှင့် ပထုံဌာနီခရိုင်များရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၁၅ ရက်က ရယွန်ခရိုင် ပလွန်းဒဲဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အလုပ်သမားရုံးနှင့် လဝက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများနှင့်အတူ ကမ္ဘောဒီးယား လေးဦး၊ တရုတ်နိုင်ငံသားတစ်ဦးနှင့် မည်သည့်နိုင်ငံသားဖြစ်သည်ကို မသိရသည့် အခြားတစ်ဦး စုစုပေါင်း ၃၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် ရေခဲမုန့်ရောင်းနေသည့် အိန္ဒိယနိုင်ငံသား တစ်ဦးကိုလည်း ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားများကို အလုပ်ခန့်ထားမှုဖြင့် အလုပ်ရှင်ကိုလည်း အရေးယူထားပြီး ဖမ်းဆီးခံရသူအားလုံးကို ပလွန်းဒဲရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း ပထုံဌာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးစဉ် အလုပ်လုပ်ခွင့် လက်မှတ်မရှိသော မြန်မာအလုပ်သမား ၂၇ ဦး ဖမ်းဆီးခံရသေးသည်။

မြန်မာအလုပ်သမားများနှင့်အတူ တရုတ်နိုင်ငံသား ၈၅ ဦး၊ ကမ္ဘောဒီးယား နှစ်ဦး စုစုပေါင်း ၁၁၄ ဦး ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများကို ခလောင်လွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အလုပ်ရှင်ကိုလည်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ထိုင်းတစ်နိုင်ငံလုံးရှိ တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို အဆင့်သုံးဆင့်ဖြင့် စစ်ဆေး ဖမ်းဆီးအရေးယူမှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ပြီးခဲ့သော မေလက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ခွင့် မရှိသလို နိုင်ငံခြားသားများကို လုပ်ကိုင်တွင့်တားမြစ် ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော အလုပ်များကိုလည်း ဝင်ရောက်လုပ်ပိုင်ခွင့် မရှိပေ။

စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။